Wednesday, September 14, 2016

အချိုး

သို့/

          ကိုယ့်မှာ အာမေဋိတ်တစ်ခု ရှိခဲ့တယ်။ အဲဒီ အာမေဋိတ်ဟာ မချစ်မနှစ်သက်သူနဲ့ အိမ်ထောင်ကျပြီး ရာသက်ပန်ဘဝအထိ အရိုးထုတ်သွားတယ်။ ကိုယ့်မှာ ရွက်သင်္ဘော တစ်စီး ရှိခဲ့တယ်။ အဲဒီရွက်သင်္ဘောဟာ သူ့ကိုယ်သူ ဆပ်ပြာပူဖောင်းပါလို့ ယုံကြည်နေခဲ့ပြီး ၊ တစ်နေ့နေ့ရဲ့ တစ်နေရာရာမှာ တစ်ခုခုနဲ့ တိုက်မိပြီး ဖောက်ခနဲ .... ။ ကိုယ့်မှာ မင်း ရှိခဲ့တယ် ။
    ငယ်ဘဝက သစ်ကိုင်းခြောက်တစ်ခက်နဲ့ မြေကြီးအလွတ်တစ်ခု။ ချဆွဲထားတဲ့ စည်းတွေများလာပြီး ဘေးနားက လူတွေ တဖြည်းဖြည်းနည်းသွားတာကိုမှ ကြီးကောင်ဝင်မှုရဲ့ သင်္ကေတလို့ ကိုယ် မတွေးဘဲ မနေနိုင်ဘူး။ မင်း အတွေး ၊ ပြီးတော့ မင်း သွေးတွေပေါ် ကျရောက်တဲ့ နေရောင်ခြည်ကို ကိုယ် ပုံဖော်နေခဲ့တဲ့ မြေသားရနံ့နဲ့ အကြမ်းရေးခြစ်မှုတွေ။ မင်းမပျော်နေတာကို ကိုယ် သိနေတယ်။ ကိုယ် ဒီလို သိနေတယ်ဆိုတာကို မင်း တွေးမိနေမှာ ဖြစ်ပြီး မင်းတွေးမိနေမယ်လို့ ကိုယ် ယုံကြည်နေခဲ့တာ။ အဝေးက ပို့လွှတ်လိုက်တဲ့ စိတ်ကူးတွေဟာ မင်းဆီ ရောက်ပါလေစလို့ ကိုယ် မျှော်လင့်နေစရာ အကြောင်းမရှိပေမယ့် မမျှော်လင့်ရဲစရာလည်း အကြောင်းမရှိ ။ ချားရဟတ်စီးနေရင်း အမြင့်က ကျဆင်းလာတဲ့ တလှပ်လှပ်အေးခဲမှုထဲမှာပဲ အမြဲ ကိုယ်နေထိုင်သွားမှာ ...။
         ကိုယ် ကျေနပ်နေမှာ ။

" ကိုယ်တို့ တစ်သက်လုံး
တစ်ယောက်ယောက်ကို တစ်ယောက်
ပြန်တွေ့ရချင်မှ တွေ့ရမယ်။
ဒါမှ မဟုတ်
ပြန်တွေ့ရချင်လည်း ပြန်တွေ့ရနိုင်တယ်။
နှစ်ခုလုံး ထပ်တူထပ်မျှ
ကြောက်စရာ ကောင်းပါတယ် "

မှ


####

မှ/

      အင်္ဂါနေ့ဟာ " ခင်ဗျားလို စုံထောက်မျိုး လက်ထဲမှာ အဖမ်းခံရတာ ဂုဏ်ယူပါတယ် " လို့ ခပ်ချာချာ စုံထောက်ကားတွေထဲက တရားခံရဲ့ စကားတစ်ခွန်းကို သံနေသံထားအမျိုးမျိုးနဲ့ လေ့ကျင့်နေတယ်။ ဘတ်စ်ကားဟာ ရူးသွပ်သွားပြီး ခရီးကို သူ့ပေါ် တင်ခေါ်လာတယ်။ ကျနော်ဟာ အချိန်ကာလ ဖြစ်တယ်။ ဘယ်တုန်းကမှ မရှိခဲ့ဘူး ဆိုတဲ့ စကားဟာလည်း ဘယ်တုန်းကမှ တကယ် မရှိဘူး။ ကြောက်မက်ဖွယ်ရာ ကိုကာကိုလာတွေ ။အဲဒီနောက် ....
      နာမည်ပြောင်းခေါ်ပြီး ယဉ်ပါးလာအောင် မွေးမြူထားခဲ့ရတဲ့ အထီးကျန်မှုမျိုး ကျနော်တို့မှာ ရှိကြတယ်။ ဇာတ်လမ်းအစထဲကို ပျောက်ရှခြင်းတစ်ခု ဝင်လာပြီး အသံမပေးဘဲ အစအဆုံးနေထိုင်တယ်။ ဒီ အချိန် ခင်ဗျားဘယ်လိုနေမလဲ မေးခွန်းကို သွေးအိုင်ထဲမှာ လဲကျနေတာ တွေ့တယ်။ အဝေးကြီးဟာ ဘတ်စ်ကားကို ထားခဲ့ပြီး နောက်ထပ် အဝေးကြီး တစ်ခုဆီ ထွက်သွားပြီ။ ဇာတ်လမ်းဟာ အစကတည်းက မရှိခဲ့ဘူးလို့ အင်္ဂါနေ့က အောင်မြင်စွာ ကြေညာလိုက်ပြီ။ အပြုံးတစ်ခုကို ချွတ်ချပြီး အချိန်ကာလကို ပစ်သတ်လိုက်နိုင်ပြီ။ "ဒါပါပဲ" လို့ ပြောဖို့ ဘယ်သူမှ ရှိမနေတော့ဘူး ။ 

" ကျောခိုင်းထားတဲ့ အခါ
အရိပ်ဟာ မှန်ထဲမှာ
ကိုယ့်ဘက် လှည့်ငေးနေမလားဆိုတဲ့
မလုံခြုံ အတွေးလည်း ပါကောင်းပါမယ်
ကိုယ် သတိရပါတယ် "

သို့


- ဏေသစ်

Friday, July 29, 2016

အခြားပုံပြင်များ (pdf)

" အခြားပုံပြင်များ " လို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင် စကားပြေစုစည်းမှု ပါ။

ဒီနေရာ မှာ အခမဲ့ download ဆွဲ ရယူနိုင်ပါတယ်။

Download အတွက် အဆင်မပြေရင် sithuaung2992@gmail.com ကို email ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

ဒီအရေးအသားရဲ့ ခေါင်းစဉ်နေရာမှာ ခေါင်းစဉ် တစ်ခုခု ဆိုပါစို့

ခရမ်းရောင်
*******
သောကြာနေ့တွေဟာ ကမ္ဘာပေါ်ကို ဘယ်လို ရောက်လာခဲ့သလဲ စဉ်းစားနေတဲ့ ဇာတ်ကောင်ဟာ ဒီအရေးအသားကို ပထမစာတစ်ကြောင်းမှာ စတင် ဝင်ရောက်လာခဲ့တာလို့ စာရေးတဲ့ လူက ရေးလိုက်တယ်။ “ လေဟာ မတိုက်တဲ့ အခါ ဘာလုပ်နေသလဲ “ ဆိုတာက ဉာဏ်အလင်းပွင့်လာဖို့အတွက် စဉ်းစားတွေးခေါ်ရတဲ့ ပဟေဠိပုစ္ဆာ ဖြစ်နိုင်ပေမယ့် “ဇာတ်ကောင်ဟာ မစဉ်းစားရင် ဘာလုပ်နေမလဲ” ဆိုတာက ဒီအတိုင်း ကောက်မေးလို့ ရတဲ့ မေးခွန်းပေါင်း သောင်းခြောက်ထောင်ထဲက တစ်ခု ဖြစ်တယ်။ ဇာတ်ကောင်ဟာ သူ ချစ်ရတဲ့ ၊ တိတိပပ ပြောရရင် တစ်ဖက်သတ်ချစ်နေရတဲ့ ကောင်မလေးနဲ့ ချိန်းဆိုထားခဲ့ပါတယ်။ 

မဲနယ်ရောင်
*******
ဇာတ်ကောင် စောင့်နေတဲ့ မိန်းကလေးဟာ ကလေးတွေ လေထဲမှာ လိုက်ဖမ်းဆုပ်တတ်ကြတဲ့ ဝါဂွမ်းစလို လွင့်မျောပေါ့ပါးရင်း မြင်ကွင်းထဲကို ဝင်လာတယ်။ “ကြာပြီလား” လို့ တစ်ခွန်းမေးပေမယ့် “ ရပါတယ်” လို့ ပြန်ဖြေမယ့် ဇာတ်ကောင်ရဲ့ အဖြေကို ကြိုသိထားတဲ့ ပုံမျိုးနဲ့ အသာအယာ ပြုံးတယ်။ သူတို့ချင်း စသိခဲ့ကြတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ။ ရုပ်ရှင်ဇာတ်လမ်းအချိုးအကွေ့လို လမ်းထောင့်မှာ တစ်ယောက်ကို တစ်ယောက်တိုက်မိကြ၊ တစ်ယောက်ကျသွားတဲ့ ပစ္စည်းတွေကို တစ်ယောက်က ကူကောက်ပေးရင်း အပြုံးချင်း ဖလှယ်ကြတာမျိုးလည်း မရှိ။ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ သိတာ ဖြစ်ပြီး မြင်မြင်ချင်း စိတ်ဝင်စားမိဖို့ နေနေသာသာ ဘာသိဘာသာ ပြောဆိုလာရင်းကမှ စိတ်ဝင်စားတဲ့ စာအုပ်တွေ ၊ ရုပ်ရှင်တွေက တဆင့် ရင်းနှီးလာရတာ ဖြစ်တယ်။ “ ဘယ်သိနိုင်မလဲ၊ တချို့ အချိုးအကွေ့တွေမှာ ထိတိုက်မှုတွေဟာ မထင်ထားနိုင်အောင်ကို နှေးကွေးနိုင်တာပဲ “ လို့ ဇာတ်ကောင်က နောင်တစ်ချိန်မှာ စာရေးတဲ့ သူကို ပြန်ပြောပြတယ်။ “ အဲဒီနှစ်တွေမှာ အရောင်ရှိမယ်ဆို မဲနယ်ရောင် ဖြစ်လိမ့်မယ် “ လို့ သူက တဆက်တည်း ပြောတယ်။

အပြာရောင်
*******
“ငါ ငယ်ငယ်တုန်းက ကမ်းစပ်မှာ သဲတွေနဲ့ အိမ်ကလေး ဆောက်ဖူးတယ် “
ကောင်မလေးက ပြောတော့ ဇာတ်ကောင်က မှုန်တေတေနဲ့ “ အင်း” လို့ပဲ ပြန်ပြောတယ်။
“ အဲဒီမှာ ဟာ … ညနေစောင်းတော့ လူကြီးတွေက ပြန်လာဖို့ လိုက်ခေါ်တယ်။ ငါက ဆောက်ထားတဲ့ အိမ်ကလေးကို အရမ်း သဘောကျနေပြီ ဆိုတော့ မထားခဲ့နိုင်ဘူး။ ယူသွားဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူးလေ … သိတယ် မှတ်လား “
“အင်း”
“ငါ ပြန်သွားပြီး နောက်တစ်နေ့ ပြန်လာဆော့ရင် ငါ့ အိမ်ကလေး ရှိချင်မှ ရှိတော့မှာ။ အဲဒါကို မြင်ရရင် ငါ အရမ်း ဝမ်းနည်းမှာ ။ အဲဒါနဲ့ နောက်ဆုံး အဲဒီ အိမ်ကလေးကို ငါ ဖျက်ပစ်ခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။ ငါ ဆောက်ခဲ့တဲ့ သဲအိမ်ကလေးကို ငါ့ လက်တွေနဲ့ ….. “
အသံ တိမ်ဝင်သွားပြီး အချိန်အကြာကြီး တိတ်ဆိတ်သွား။

အစိမ်းရောင်
*******
“ သူနဲ့ ရှိနေတဲ့ အချိန်တွေမှာ ကျွန်တော် အရမ်း ပျော်တာပဲ မှတ်မိတယ်။ ဘေးတိုက်မြင်ရတဲ့ သူ့ မျက်နှာကလေးကို ငေးနေရတာတွေက အစ … တစ်ခါသား ကျန်တဲ့ သူငယ်ချင်းတစ်ယောက် မလာလို့ သူနဲ့ နှစ်ယောက်တည်း တခြား သူငယ်ချင်း တစ်ယောက်အိမ်ကို အတူလမ်းလျှောက်ပြီး သွား ရတာက အစ ။ ခင်ဗျား မရယ်ပါနဲ့။ တကယ် စိတ်ချမ်းသာရတာ ။ ဒါပေမယ့် သူနဲ့ ကျွန်တော်ကြားမှာ တစ်ခါတစ်ခါ ကျရင် အရမ်းကြီး အလှမ်းကွာနေသလို ခံစားရတယ်။ ဘာလို့ရယ်လို့တော့ မပြောတတ်ဘူးဗျာ ။ ဘယ်လို ပြောရမလဲ။ သူ ဘာတွေ တွေးနေမလဲ ဆိုတဲ့ အတွေးနဲ့ သူ့ဘေးနား ရှိနေချိန်တွေမှာ ကျွန်တော်လိုက်တွေးရင် အဲဒီလို ပို ဖြစ်လာတာပဲ။ လူတစ်ယောက်က လူတစ်ယောက်ကို ဘယ်လောက်အထိ သိနိုင်မှာလဲ ဆိုတာ ကျွန်တော် မတွေးရဲတဲ့ မေးခွန်းပဲ။ သူနဲ့ ကျွန်တော် အရမ်း စိမ်းတယ်”
ဇာတ်ကောင်သည် တစ်ခုခု ကို စဉ်းစားနေရင်း စားပွဲခုံကို လက်ဖြင့် တဒေါက်ဒေါက် ခေါက်နေသည်။

အဝါရောင်
*******
ဘူတာရုံ မျက်နှာကျက်တွင် ဆွဲကြိုးချ သတ်သေသူအလောင်းပမာ တွဲလောင်းဆိုင်းကျနေသော မီးလုံးမှ အရောင်ဖျော့ဖျော့ အဝါ။ ရထားဥသြသံသည် လူနှစ်ယောက်ဆီသို့ ကံဆိုးမိုးမှောင်ကျမှုတစ်ခုကဲ့သို့ ရောက်ရှိလာပြီး လူတစ်ယောက်တည်း ထံမှ ပြန်ထွက်သွားသည်။ ထို့နောက် ပြန်လည်သိသာထင်ရှားလာသော အဝါရောင်များ ။ သုခမိန်လှိုင် ကဗျာတစ်ပုဒ်ထဲကလို “ လွမ်းဆွတ်ခြင်းသည် ဝါကျင်သည် အထိ မီးပြနေဆဲ “ ။

လိမ္မော်ရောင်
*******
ဇာတ်ကောင် ။ ။ ဒါနဲ့ နေပါဦး။ ကျွန်တော် ခင်ဗျားကို ပြောပြသမျှထဲက အဖြစ်အပျက်တွေ၊ အချက်အလက်တွေ အားလုံးထဲက တစ်ခုကသာ အမှန်ဖြစ်မယ် ဆိုရင် ဘာက အမှန်လို့ ခင်ဗျားထင်လဲ။
ကျွန်ုပ် ။ ။ ဟင် … အဲဒီလို ဖြစ်နေခဲ့တာလား ။ ခင်ဗျား လျှောက်ပြောနေခဲ့တာပေါ့ ။
ကောင် ။ ။ ကျွန်တော် အဲသလို လည်း မပြောရပါလားဗျာ ။ နေဦး … နောက်ထပ် တစ်ခု မေးဦးမယ်။ ကျွန်တော် ခင်ဗျားကို ပြောပြသမျှထဲက အဖြစ်အပျက်တွေ၊ အချက်အလက်တွေ အားလုံးထဲက တစ်ခုကသာ အမှားဖြစ်နေမယ် ဆိုရင် ဘယ်တစ်ခုကို မှားနေတယ်လို့ ထင်လဲ။
နုပ် ။ ။ ဟာဗျာ … ကျွန်တော်ဖြင့် မစဉ်းစားတတ်အောင် ပါပဲ။

အနီရောင်
*******
နေလုံးနီနီ ထွက်လာသည်ကို မြင်သော အခါ ဇာတ်ကောင်သည် သူ စဉ်းစားနေသည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်း သတိထားမိသည်။ တစ်စုံတစ်ရာကို ပိုင်ဆိုင်ရခြင်းထက် မပိုင်ဆိုင်ဘဲ ရှောင်လွှဲလိုက်ရခြင်းသည် နှစ်လိုဖွယ် ကောင်းသော နာကျင်မှုတစ်ခု ဖြစ်ပြီး ထိုနာကျင်မှုကို သိမ်းထားရခြင်းသည်ပင် သူ့အတွက် တစ်မျိုးတစ်ဖုံပြီးပြည့်စုံလျက် ရှိနေကြောင်းကို တစ်ယောက်ယောက်အား နားလည်ရန် အတော် အားစိုက်ရှင်းပြယူရမည်ဟု ဘာကြောင့်မှန်း မသိ သူထင်နေသည်။ မှတ်စု စာအုပ်ကလေးကို ထုတ်သည်။
“ ပြတင်းပေါက်ကလေး တစ်ပေါက် ပိုင်လာမယ် ဆိုပါစို့
အဲဒီ ပြတင်းပေါက်ကလေးကို ‘အကယ်၍’ လို့ နာမည်ပေးမယ် “
စာသားများကို ရေးချပြီးသော အခါ အိပ်ရာထဲသို့ တန်းတန်းမတ်မတ် ဝင်ပြီး ချက်ချင်းဆိုသလို သူ အိပ်ပျော်သွားသည်။ အိပ်ပျော်သွားသည့်တိုင် သူ့ မျက်နှာပေါ်တွင် အပြုံးတစ်ခု၏ အချိုးအကွေ့ အကြွင်းအကျန်များ ထင်ဟပ်နေဆဲပင် ဖြစ်သည်။ ။

- ဏေသစ်
၂၉/၇/၂၀၁၆