“တစ်နေ့နေ့မှာ ကျွန်တော်တို့ တွေ အားလုံးဟာ fairy tale တွေကို ပြန်ပြီး ဖတ်ချင်မယ့် အသက်အရွယ်ရောက်လာဦးမှာပဲ “
Fairy
Tale ကို နတ်သမီးပုံပြင် လို့  ဘာသာ မပြန်ချင်ဘူး ။”ပုံပြောကောင်းသူ
“ဆိုတဲ့ စကားလုံးကို မကောင်းတဲ့ အနက်အဓိပ္ပာယ်နဲ့  သုံးကြတာကိုလည်း
သဘောမကျဘူး ။” စင်ဒရဲလားရဲ့  ဖိနပ်ဟာ သူနဲ့  ကွက်တိတော်ခဲ့မယ် ဆိုရင်
ဘာလို့  ကျွတ်ကျခဲ့သေးလဲ “တဲ့  ။ မလိုအပ်တဲ့ မေးခွန်း ။ နတ်သမီးတစ်ပါး
ပေါ်လာတဲ့ နေရာကတည်းက ပုံပြင်ဟာ ယုတ္တိဗေဒကို မျက်ခြေဖြတ်ခဲ့ပြီပဲ မဟုတ်လား ။
ဟုတ်ကဲ့ ။ ကျနော်ဟာ ပုံပြင်တွေဘက်က အခမဲ့ ရှေ့နေလိုက်သူ ပါ ။
“ကိုယ် fairy tale တွေကို ဘာလို့ ကြိုက်လဲ သိလား ။ သူတို့ တွေက အမြဲတမ်းနီးပါး မှာ ပျော်စရာ ဇာတ်သိမ်းနဲ့ အဆုံးသတ်လို့  လေ “
“အင်း
….. ကျနော်ကြိုက်တာကျတော့ အဲဒီ ပုံပြင်တွေထဲမှာ ကောင်းတဲ့ ဇာတ်ကောင်က
ဇာတ်လမ်းအစ အဆုံး ကောင်းနေပြီးတော့ ဗီလိန်ကလည်း အဆုံးသတ်ထိကို
ဆိုးနေတာမျိုး ။ ဘယ်လောက်သဘောကျဖို့  ကောင်းလဲ ။ပြီးတော့ အံသြစရာ ဖြစ်ရပ် (
miracle ) တွေကို လည်း ကြိုက်တယ် “
လူသန်းနဲ့ ချီ သုံးနေတဲ့
social network တစ်ခုမှာ လူနှစ်ယောက် မတော်တဆရင်းနှီးသွားတာ ၊ စာရေးဆရာ
တစ်ချို့  ၊ ကော်ဖီနဲ့  Rock သီချင်းအဖွဲ့ တွေက တစ်ဆင့်
ဆက်နွယ်မှုအမျှင်တန်းတွေ ရှည်လာတာ ၊ တစ်ယောက်က တစ်ယောက်ကို ပုံပြောပြဖို့ 
ပူဆာတိုင်း တစ်ယောက်က စိတ်လိုလက်ရ ပြောပြတာ ။ဒီကိစ္စတွေ အားလုံးက အများကြီး
ရိုးရှင်းပါတယ် ။ အထူးသဖြင့်သူမ ပြောပြတဲ့ fairy tale တွေနဲ့  ယှဉ်လိုက်ရင်
။
ဥယျာဉ်ထဲက ၀င်္ကပါ ကြီး ၊ နတ်သမီးငယ်တစ်ပါး ၊စိတ်ထားဖြူစင်တဲ့
မင်းသမီးလေး ၊ ခေါင်မိုးချွန် ရဲတိုက် ၊ လူပုလေး ၊ အလိုလို ကနေတဲ့ ဖိနပ် …
….. …. ။ “ပုပ္ပါးတောင်က စကားဝါပန်းကို နေ့တိုင်းခူးပေးရတဲ့ ဗျတ္တရဲ့ 
အသည်းနှလုံးဟာ ပန်းတွေနဲ့  အပြိုင် မွှေးမြနေမှာပဲ “ တဲ့ ။(ဆရာ) တင်မိုးရဲ့ 
အစမ်းစာတစ်ခုမှာ အဲသလိုသဘော ရေးထားတာ ဖတ်ဖူးတယ် (အတိအကျမမှတ်မိတာ
ခွင့်လွှတ်ကြပါရန်) ။ ပုံပြင်တွေ ပွင့်ဖူးနေတဲ့ အသည်းနှလုံး တစ်ခုကရော ။
ကွာခြားချက် သိပ်အများကြီး မရှိလောက်မှာ ကျိန်းသေပါတယ် ။
“ ကိုယ့်စိတ်ထဲမှာ မင်းဟာ ကလေးပေါက်စလေး ကျနေ တာပဲ “
“ဟုတ်တယ်
။ ပုံပြင်တွေ နားထောင်ရရင် ကျနော့်ဘာသာကျနော် အတော်အသက်ငယ်သေးသလို ကို
ထင်မိလာရော ။ ဒါနဲ့ အဲသလို ထင်အောင်ရော ဘယ်သူလုပ်တာလဲ “
မမြင်ရပေမယ့် ပြိုင်တူ ရယ်မိကြမှန်း သေချာခဲ့ပါတယ် ။
ရင်းနှီးမှုမှာ
တစ်ယောက်အကြောင်း တစ်ယောက်သိပ် သိဖို့ မလိုဘူး လို့  ခံယူထားသူ
တစ်ယောက်အနေနဲ့  သူမ အကြောင်းကို သူမ ပြောပြတာ ( ဥပမာ -ခေါင်းစဉ် က “Fairy
Tale “ လို့  အဓိပ္ပာယ်ရတဲ့ တရုတ်သီချင်းတစ်ပုဒ်ကို ကိုယ်ရောသူရော
အကြိုက်တူနေတယ် ဆိုတာမျိုး) ထက် ပို မသိခဲ့ ။ “မင်းက ကိုယ့်ကို ခင်တယ်ဆိုတာ
ပုံပြင်နားထောင်ချင်ရုံ သက်သက်ပါ “ ။ စွပ်စွဲသလို စနောက်ဖူးတာကိုတော့
အတိအလင်း ငြင်းရတယ် ။
“ကိုယ် ခဏ လောက် အဝေးကို ရောက်နေဦးမယ် “
ဘယ်သွားမှာလဲ ။ ဘယ်လောက်ကြာမှာလဲ မမေးမိ ။
“ ဟုတ် ၊ ကျနော်တော့ လွမ်းနေမှာဗျ “
“ကိုယ်လည်း မင်းကို လွမ်းနေမိမှာပဲ ။ မကြာခင် ပြန်တွေ့ တာပေါ့ “
...........................
.......................................
.............................................
တကယ်ကို
လွမ်းနေခဲ့ပါတယ် ။နာကျင်ပူလောင်မှု မပါတဲ့ အလွမ်းသန့် သန့် မျိုး ။
ဆောင်းညနေခင်း လေပြည်ကို စိတ်ကူးယဉ် အေးမြမိတဲ့ ပုံဖော်မှုမျိုးနဲ့ 
လွမ်းနေခဲ့ပါတယ် ။ “ မကြာခင် “ ဆိုတဲ့ စကားဟာ ဘယ်လောက် အကန့် သတ်ထိ
ရှည်လျားနိုင်မလဲ ။ မနက်ဖြန်တစ်ခုမဟုတ်ရင် နောက်ထပ်မနက်ဖြန်တစ်ခု ပေါ့ ။
Facebook ထဲ log in လုပ်တဲ့ အခါ offline message တစ်ခုခု ရောက်နေမှာလား .....
Wall post တစ်ခုခုက ကိုယ့်ကို ကြိုနေမှာလား ..........
ကျနော် miracle တစ်ခုကို စောင့်နေမိပါတယ် ။ ။
- ဏေသစ်
love it.
ReplyDelete