Thursday, June 4, 2015
နတ်သမီးနဲ့  အဘဇံ
“ ဒါ … အဘဇံလေ … ငါ မင်းကို ပြောဖူးလား မသိဘူး “
သူငယ်ချင်းက ကျနော့်ကို ကမ်းစပ်မှာ  ထိုင်နေတဲ့ အဘိုးကြီး တစ်ယောက်ဆီ မေးဆတ်ပြတယ် ။ ဘေးတစောင်း မြင်ရတဲ့ အနေအထားအရ အသက်ရှစ်ဆယ် ဝန်းကျင် လို့  မှန်းရတာပဲ ။ အသား ညိုပေမယ့် ဖျော့တော့မှုက အထင်းသား ။ ပိန်ပိန်ပါးပါး ၊ဆံပင်တွေ တခေါင်းလုံးဖြူ ။ ဝတ်ထားတဲ့ ဓာတ်မြေသြဇာ တစ်ခုခု တံဆိပ်နဲ့  စွပ်ကျယ်အပွကြီးရယ် ၊ ပုဆိုး အနက်ရယ်မှာ အရောင်နွမ်းနေတာဟာ တူညီတဲ့ အချက် ။
အဘဇံက ကျနော်တို့  ဘက်ကို လှည့်တောင်မကြည့်ပါဘူး ။ရာဘာဖိနပ်ကို ခု ထိုင် လို့  ၊ ဟိုးခပ်ဝေးဝေး … ပင်လယ်ထဲ ကျွံနစ်နေတဲ့ နေလုံးကြီးကို ငေးလို့  ။ ဆွေးဆွေးမြည့်မြည့် ။
“ သိလား အဘဇံ ၊ ကျနော့်သူငယ်ချင်းက စာလေးဘာလေး တစ်ခါတစ်လေ ရေးတယ် ၊ အဲဒါ သူ နမူနာယူရအောင် အဘ ရေးထားတာလေးတွေ တစ်ဆိတ်လောက် “
သူငယ်ချင်းက ပြောင်ချော်ချော် အမူအရာနဲ့ အဘဇံဆီ လက်လှမ်းတယ် ။ အဲဒီတော့မှ အဘိုးကြီး လက်ထဲမှာ ဗလာစာအုပ် (ဒါလည်း ခပ်နွမ်းနွမ်းပါပဲ ) တစ်အုပ်ကို တွေ့ တယ် ။ အဘဇံက စာအုပ်ကို ဒီကောင်နဲ့  ဝေးရာဘက်ကို ဆွဲယူသွားတယ် ။ လုယူသွားမှာ ကြောက်တဲ့ ပုံစံမျိုး ။ စာအုပ်ကို ရင်ဘတ်မှာ ဖိပြီး လက်ပိုက်ထားတယ် ။
“ လူကြီးကို မ စ စမ်းပါနဲ့  ကွာ “
ကျနော် သူငယ်ချင်းကို ဆွဲခေါ်ပြီး အဲဒီနေရာက ထွက်လာခဲ့တယ် ။ ခပ်လှမ်းလှမ်း ရောက်လို့  လှည့်ကြည့်မိတဲ့ အခါ အဘဇံက ပင်လယ်ဆီ ငေးမြဲ ငေးနေတာကို တွေ့ ရ ။ စင်ရော်တစ်အုပ် ၊ ရွှေအိုရောင်သဲတွေ တလက်လက် ။ အင်း … အဘဇံဟာလည်း နေဝင်ချိန်တစ်ခု ပါပဲ ။
“ တစ်ခါက အဘဇံက ဘယ်သူ့ ကိုလဲ မသိ ၊ ပြောပြဖူးတယ် သိလား ။ သူ ငယ်ငယ်က ဒီ ကမ်းစပ်မှာ ပင်လယ်နတ်သမီး တစ်ပါးနဲ့   တွေ့ ဖူးတယ် တဲ့ “
“ ဟေ … ဟုတ်လား ..”
“အေး … အဲဒါကြောင့် သူ့ ကို ရူးနေတယ်လို့  ဝိုင်းပြောကြတာပေါ့ ။ ဒါပေမယ့် ဘယ်သူ့ ကိုမှ အနှောင့်ယှက် မပေးပါဘူးကွာ ။ နေဦး …. ဆက်ပြောဦးမယ် ။ နတ်သမီးက အရမ်းလှတယ် ဆိုပဲ  ၊ သူ တို့  နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အရမ်းချစ်သွားကြတယ် တဲ့  ၊ တစ်နေ့ မှာ နတ်သမီးက အဘဇံကို နှုတ်ဆက်ပြီး တစ်ချိန်ချိန်မှာ ပြန်ဆုံဖို့  ပြောသွားတယ် ။ ဒါလည်း လူတွေ ချဲ့ ကားပြီး လျှောက်ပြောကြတာဖြစ်ရင် ဖြစ်မှာပါကွာ ။ အဘဇံကတော့ စကားနည်းသား ။ အော် …. ဒါနဲ့  လက်ထဲက ဗလာစာအုပ်လေး မှတ်မိလား “
“အင်း … မှတ်မိတယ်လေ … မင်းတောင် ယူဖတ်မယ်လုပ်လို့  သူ့ ခမျာ အတင်း ဖွက်ထားရတာ “
“အေး … အဲဒီ စာအုပ် လေ ။ အဘဇံက နတ်သမီးကို ပြောချင်တဲ့ စကားတွေရှိရင် စာအုပ်ထဲမှာ ချရေးထားတာ တဲ့ ။ ပြန်တွေ့ ဖြစ်တဲ့ အချိန်ကျရင် ပေးဖတ်မလို့ ။ ညနေတိုင်း သွားစောင့်နေတတ်တာပါပဲကွာ “
“ သြော် “
လပြည့်ညရဲ့ အရသာဟာ ပင်လယ်နဲ့  တွဲလိုက်တော့ ပို ပေါ်လွင်နေတယ် ။ လ ဆီက ဖိတ်လျှံကျနေတဲ့ အဝါရောင်ရေတံခွန်ကြီး ပေါ့ ။လှိုင်းတွေပေါ် လက်ဆင့်ကမ်း စီးဆင်းနေပုံက  တလူးလူး တလွန့် လွန့်  ။ ဆောင်းဦးပိုင်း လေအေး ။  ဟိုးဘက်ကျောက်တုံးတွေဆီကို လှိုင်းပုတ်နေတဲ့ အသံစည်းချက်မှန်မှန်ကလွဲရင် အားလုံး တိတ်ဆိတ် လို့ ။
ရှေ့ မှာ ထိုင်နေတဲ့ လူရိပ်တစ်ခု … အဘဇံ ။ ကျနော် အဘဇံဘေးနားကို ဝင်ထိုင်တယ် ။ သူ လှည့်မကြည့်ဘူး ။ ဒါပေမယ့် ကိုယ်ဟန်အမူအရာ နည်းနည်း တောင့်တင်းသလို ရှိသွားတဲ့ အတွက် သူ့ ဘေးနား လူတစ်ယောက် ရောက်လာတာကို သိတာ သေချာပါတယ် ။
“ အဘ ၊ စားပါဦး “
ပွဲဈေးတန်းက ဝယ်လာတဲ့ မုန့် ဆီကြော် တစ်ခု ကို အဘဇံဆီ ထိုးပေးလိုက်တယ် ။ ဟန်လုပ်မငြင်းဘဲ ယူစားပါတယ် ။ ကျေးဇူးတင်ကြောင်း တစ်ခွန်းမပြောပေမယ့် သူ့  မျက်လုံးတွေက သိမ်မွေ့ နေတယ် ။
 အဘဇံကို တစ်ခုခု မေးရင် ကောင်းမလား ။ စိတ်ထဲ သိချင်ခဲ့တဲ့ အကြောင်းအရာတွေ ။ ဒါပေမယ့် မမေးဖြစ်ပါဘူး ။ အဘဇံရဲ့ ဆိတ်ငြိမ်မှုလေး ကျနော့် ကြောင့် မပျက်စီးစေချင်ဘူး ။ နှမြောစရာ ။ အဘဇံကတော့ ပင်လယ်ဆီ ငေးမြဲ ။ ဟိုးဘက်မှာ ငါးဖမ်းလှေ တစ်ချို့ လား ။ မီးရောင် မှိန်မှိန်တွေ ဖြည်းဖြည်းနှေးနှေး ။
စကားတစ်ခွန်းမှ မပြောဖြစ်ပေမယ့် အဘဇံကို ပိုရင်းနှီးလာသလို ခံစားရတယ် ။
နောက်ပိုင်းရက်တစ်ရက်မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တယ် ။ အထက်တန်း အောင်စာရင်းတွေ ထွက်တော့ ခန့်မှန်းထားသလိုမျိုး  လူကြီးတွေနဲ့  ငြင်းရခုံရတာပါပဲ ။ ဒီအမှတ်နဲ့ သင့်တော်တဲ့ တက္ကသိုလ်ကို မိဘတွေ တက်စေချင်တဲ့ အတိုင်းရွေးချယ်ဖို့ မှာ ကလန်ကဆန် လုပ်နေမိတယ် ။ “မင်းက ဘာဝါသနာပါတာလဲ “ အမေးကို ပြန်မဖြေနိုင်ဘူး ။ မဖြေရဲဘူး ။ ကိုယ့်ကိုယ်ကို နားလည်ရုံသက်သက်ဟာ ထုတ်ပြရဲတဲ့ အထိ ဝင့်ကြွားခွင့် မရှိခဲ့ ။ ဒီလိုနဲ့  ငြင်းပယ်မှုကိုပဲ ငြင်းပယ်ခဲ့ရတယ် ။
ရွာက သူငယ်ချင်းလည်း သူ ရွေးချယ်တဲ့ တက္ကသိုလ်ဆိုင်ရာ ကိစ္စတွေ အတွက် ရန်ကုန်ကို လာခဲ့တယ်။ ပစ္စည်းတွေ ဝယ်ပြီးခြမ်းပြီး ရပ်ကွက်လမ်းကျဉ်းထဲ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတယ် ။ ထုံးစံအတိုင်း လမ်းပေါ် တစ်ဝက်ရောက်နေတဲ့ စားပွဲကလေးမှာ ။
“သြော် … ဒါနဲ့  ။ မင်း သိလား ။ အဘဇံ ဆုံးသွားပြီ ။ အင်း …. နှစ်ပတ်လောက်ပဲ ရှိဦးမယ် “
တခြားအကြောင်းအရာတွေ ပြောရင်း သူငယ်ချင်းက ရုတ်တရက် သတိရလိုက်သလို စကားစတယ် ။ ကျနော် အဘဇံကို မြင်ယောင်မိတယ် ။
“ဟုတ်လား … ငါနဲ့  တွေ့ တုန်းက တော့ ကျန်းကျန်းမာမာပါပဲ ။ ဘယ်လို ဖြစ်တာလဲ “
“ အင်း … ဒီ အတိုင်းပဲ ။ ကမ်းစပ်မှာပဲ ဆုံးသွားတာ ။ ဘာ ရောဂါ လက္ခဏာမှလည်း မရှိဘူး ။ မနက်စောစော ငါးဖမ်းဆင်းတဲ့ ဦးမော်ကြီး တွေ့ တာ ။ အလောင်းကို ကြည့်ရတာ …အဲ … မပြောကောင်း ပြောကောင်း … ပြုံးနေသလို တောင် ထင်ရတယ် သိလား “
“အင်း ……”
ကျနော် သံရှည်ဆွဲပြီး “အင်း” မိတယ် ။ သူငယ်ချင်းက စကားကို ဆက်တယ် ။
ကျနော် ဒုတိယ အကြိမ် သံရှည် ဆွဲပြီး “ အင်း “ မိပြန်တယ် ။
ဘာရယ် မဟုတ် ကောင်းကင်ဆီ ငေး ကြည့်မိတဲ့ အခါ မိုးကုပ်စက်ဝိုင်း ခုံးခုံးမှာ သက်တန့် လေး တစ်စင်း ။ ။
- ဏေသစ်
No comments:
Post a Comment