Thursday, June 4, 2015

သီချင်းကဗျာများ

(၂၀၁၄ ခုနှစ် 'စိတ်ကူးချိုချို 'စာအုပ်တိုက်က ထုတ်တဲ့ ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃ မှာ ပါတဲ့ ကဗျာဆရာ မောင်ဒေးရဲ့ "ရုပ်ရှင်ကဗျာများ" ကို ဖတ်ပြီး အားကျ။ သီချင်းတွေနဲ့ လိုက်ရေးဖြစ်တဲ့ အကြောင်း)




SLIPKNOT - PSYCHOSOCIAL 
 

" အိမ်က ငါ့အပေါ် သောက်ရမ်းအလိုလိုက်တာ
ငါကသာ တာဝန်မကျေခဲ့တာ "
သူငယ်ချင်း တစ်ယောက်က ပြောဖူးသည်။
မှတ်မှတ်ရရ သူ ရေထဲခုန်ချ သေကြောင်းမကြံစည်သွားခင်
သုံးလေးလ အလိုက ဖြစ်ပါလိမ့်မည်။
ကျွန်တော်တို့တတွေ အတွင်း ဖိသိပ်သိမ်းဆည်းထားသော
အညွန့်တလူလူ သူရဲကောင်းစိတ်ဓာတ်များသည်
လမ်းသွယ်များတွင် လျှံတက်အိုင်ထွန်းနေသော
မိုးရာသီ မြောင်းရေများလို ပြန်မကျ ကောင်းပါ။
သို့သော် ...................................................။

ကျောခင်း၍ ပစ်လှဲအိပ်လေ့ရှိရာ
သံမံတလင်း၏ ပတ်ကြားအက်များကြားမှ
နှင်းဆီအပွင့် မပါဘဲ ရိုးတံနှင့် ဆူးသက်သက်များ
ထိုးထွက် မြင့်တက်လာ၏။
ကျွန်တော်တို့ ဖြစ်စေချင်သည်မှာလည်း
ဤအတိုင်းပင် ဖြစ်သည်။ ။

(၂၀၁၄ နိုဝင်ဘာ)


GREEN DAY - 21st Century Breakdown
 
ခြောက်ခြားဖွယ်ရုပ်ရှင်တွေထဲက
ပျော်ပွဲစားထွက်ကြသူ ချာတိတ်တစ်စုဟာ
ငါတို့ ဖြစ်လာတယ်


တယ်လီဗေးရှင်းတွေပေါ်မှာ
အစစ အရာရာကို တည်ဆောက်ထားတယ်
ချစ်လှစွာသော မြို့ပြဟာ
နေရောင်အောက်မှာ စက်ဝိုင်းပုံ ရှိပြီး
မိုးချုပ်လာတာနဲ့


ဘာဖြစ်သွားမှန်း ဘယ်သူမှ 
မသိကြတော့ဘူး
အရွယ်ရောက်ပြီးသူတိုင်း လွတ်လပ်စွာ


ရိုကျိုးပိုင်ခွင့်ရှိတယ်
လိုအပ်လာရင် မျက်နှာဖုံးစွပ် မပါဘဲ
အသက်အောင့်ရဲကြတယ်


ငါတို့ မျိုးဆက်ပြီးရင် 
နောက်ထပ်လာမှာလည်း
ငါတို့မျိုးဆက်ပါပဲ ။ ။

(၂၀၁၅ ဇန်နဝါရီ)


My Chemical Romance – Cancer

တစ်ဖက်လှည့်သွားလည်း နောက်သုံးလေးဘူတာအထိ
ဒီမျက်နှာကိုပဲ မြင်ယောင်နေမယ်လို့

မပြောဖြစ်အောင် တမင်နေတယ်
ဇာတ်လမ်းသဘောအရ လိုအပ်တာထက်
ကောင်းကင်ဘုံဟာ ပိုမိုမြင့်မြတ်နေဖို့

လိုကို လိုတယ်။ အိမ်ကို ပြန်လာတဲ့ လူနဲ့
အိမ်ကို ပြန်ရောက်တဲ့သူကြားက ကွာခြားချက်ကိုတော့

အခုလိုပဲ မှတ်ထားပေး။ လက်ညှိုးသေနတ်နဲ့
ချိန်လိုက်ရုံနဲ့ ငှက်အုပ်တွေ ထ ပျံသွားတာ
အရိပ်ဟာ နံရံကို ကွေးကောက်စေခဲ့တာ

ဘယ်အရာကမှ တိုက်ဆိုင်မှုမဟုတ်ခဲ့ဘူး
မနက်ဖြန်မှာ ပြန်လာပါ့မယ်

အဲဒီလို ပြောနိုင်ခဲ့ချင်ပါတယ်။ ။

(၂၀၁၅ ဇူလိုင်)


AVENGED SEVENFOLD - Dear God

စက္ကူဖိ ဖန်လုံးထဲက
အဖြူရောင် အခိုးအငွေ့တွေကြားမှာ
တွဲလောင်းဆိုင်းကျနေတဲ့


ဆွဲကြိုးချအနေအထား ဘိုမရုပ်ကလေး။
ဓာတ်လှေကားဟာ အထပ်တိုင်းမှာ
တံခါးပွင့်လာပေမယ့် ဘယ်သူမှ
တကယ်ရှိမနေခဲ့ဘူး

ဆိုတာ အလွတ်ရပြီးသား အိပ်မက်ဆိုးပဲ
လို့ လက်တွေ့ဘဝထဲက
အတင်းအကြပ် မေ့ဖျောက်ယူလိုက်ရတာ

အပြစ်တွေကို ပြန်ပေးတဲ့နည်းနဲ့သာ
အပြစ်ပေးပါလှည့်

အိပ်ရာဝင်ဖို့ မီးမှိတ်လိုက်တိုင်း
"ငါ့ကြောင့်ပါ ... ငါ့ကြောင့်" စသဖြင့်
တစုံတယောက်ဟာ တဖွဖွ ရေရွတ်နေပါလိမ့်မယ်။ ။

(ဇွန် ၂၀၁၅ မှာ ရေးဖြစ်။ ဇူလိုင်မှာ တစ်ကြောင်းထပ်ဖြည့်)



FUN - Carry On


တစ်နေ့မှာ သူ့စော်က မေးလာတယ်
"ငါတို့ ဘယ်လောက်ကြာကြာ မြဲမယ် ထင်လဲ"
မြင်ကွင်းထဲမှာ လူတစ်ယောက်
မီးခြစ်ဆံတွေကို င်္မီးခတ် ညှိပြီး
ရေထဲ ပစ်ချနေတယ်
တစ်ချောင်းပြီး တစ်ချောင်း။

သူ ပြန်ဖြေမိမယ့် "မသိဘူး" နဲ့
ကောင်မလေး နားလည်မယ့် " မသိဘူး" ကြား
ဘယ်လောက်ကွာခြားမယ် မသိတဲ့ အတွက်
တိတ်တိတ်နေဖြစ်သွားတယ်။

တစ်နည်းမဟုတ် တစ်နည်းနဲ့တော့
ဆက်သွားနေရမယ် မဟုတ်လား

နောက်တစ်နေ့ကျတော့
သူ ရခဲ့ဖူးသမျှ ဆုတံဆိပ်တွေကို
ဗီရိုထဲကနေ ထုတ်ပြီး
အိတ်တစ်လုံးထဲ ပြောင်း ထည့်တယ်
ပြီးတော့လည်း အိတ်ကို
ရထားတစ်စီးပေါ် တင်ပေးလိုက်တာပါပဲ။ ။

(၂၀၁၅- ဇန်နဝါရီ)


HOLYWOOD UNDEAD - We Are

တစ်​ခုခုကို ​ပြောမလို လုပ်​ပြီးမှ ဘာမှ မ​ပြောဘဲ လှည့်​ထွက်​သွားတဲ့ အမူအရာမျိုးကို ငါတို့ ကျွမ်းကျင်​ခဲ့ရပါပြီ။ ဘယ်​သူ ရှိဦးမှာလဲ ... ငါတို့ပဲ​လေ ... ငါတို့ ​ပေါ့။ ငါတို့ရဲ့ မမီလိုက်​တဲ့ ရထား​တွေမှာ ငါတို့ မသိလိုက်​တဲ့ ငါတို့ရဲ့ တစိတ်​တပိုင်း​တွေဟာ ပါသွားနှင့်​ပြီလို့ အချိန်​ပြည့်​ခံစား​နေရတာဟာ အချိန်​ပြည့်​။ အချိန်​ပိုင်းအ​နေနဲ့ ၊ ထိခိုက်​နစ်​နာစရာ ဇာတ်​ရုပ်​​တွေမှာ ငါတို့ လူစားဝင်​ သရုပ်​​ဆောင်​တယ်​။ အချိန်​ပြည့်​ အ​နေနဲ့ အဲဒီအချိန်​ပိုင်း​တွေကို ခဏခဏ ငါတို့ ပြန်​ကြည့်​တယ်​။ အားလပ်​ချိန်​​ပျော်​ရွှင်​မှု အ​နေနဲ့ တပ်​ဆင်​ထားခြင်း မရှိ​သေးတဲ့ ဖုန်း​တွေကို ငါတို့ ဆက်​ကြတယ်​။ အဲဒီမှာ စိတ်​သက်​သာရာ တစ်​ခုခု ရှိတယ်​လို့ ယုံကြည်​ကြည့်​လို့ ရ​နေသားပဲ​။ ပြီး​တော့ အ​ရေးအကြီးဆုံး တစ်​ခုအ​နေနဲ့ " ငါတို့ " လို့ ​ပြော​ပြော​နေ​ပေမယ့်​ "ငါ" လို့ပဲ အဓိပ္ပာယ်​ရတယ်​ ဆိုတာ ငါတို့ သိ​နေကြတယ်​။ ။

(၂၀၁၆- ဒီဇင်ဘာ)

COLDPLAY  - The Scientist

အရာဝတ္ထု​တွေထက်​ အရိပ်​​တွေက
ပို မြန်​​နေတဲ့ ကမ္ဘာကို ရခဲ့ပြီ ငါတို့
ပြတင်း​ပေါက်​တိုင်းရဲ့ အပြင်​ဘက်​မှာ
"လွန်​​လေပြီး​သော" ဟာ တပ်​မက်​စွာ

ဇာတ်​ဝင်​ခန်းတစ်​ခု
လူတစ်​​ယောက်

ဘယ်​နှစ်​ကြိမ်​​မြောက်​မှာ ကိုယ့်​ကိုယ်​ကို
ပိုမို​ကောင်းမွန်​လာတယ်​လို့ ခံစား​မိ​အောင်
လုပ်​​ဆောင်​ခြင်းကြီး ​အောင်​မြင်လာမှာ ... ။ ။


Fairy Tale [" Fires at Midnight " by "Blackmore 's Night"]

နောက်ဆုံးတော့ အချိန် ကျ ပြီ
ကျွန်မ
တို့ မွေးထားတဲ့
မွန်းစတားတွေ အရွယ်ရောက်လာပြီး


ကျွန်မတို့နဲ့ အတူကစားတယ်
အယူသီးမှုနဲ့ ကြေကွဲမှုဟာ
မြို့ကို ထုပ်ပိုးထားတယ်

မေးခွန်းကို ဖြေမယ့် အစား
ကြည့်မှန်ဟာ အစိတ်စိတ် အမွှာမွှာကွဲသွားပြီး
ပြတင်းပေါက် တစ်ချပ်ဖြစ်လာတယ်
လမ်းသွားလမ်းလာတွေကို မြင်နေရပေမယ့်

တစ်ခုခု အော်ပြောခွင့်မရှိ။
မေ့ဖျောက်ခံထားရသူ ကြယ်တွေဟာ
မကျေနပ်စိတ်နဲ့ ကွယ်လွန်သွားပြီး
တစ္ဆေတွေ ဖြစ်လာတယ်
မြို့ရဲ့ လမ်းပေါ်အပြည့် တစ္ဆေတွေ။

ကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်ကို ကြည့်ပြီး ငိုမလား
နောက်တစ်ဖက်အကြောင်း တွေးရင်း
ရယ်မလား ဆိုတာ
တချို့အချိန်တွေမှာ သေရေးရှင်ရေးပဲ
ဒါပေမယ့် ကျွန်မတစ်ယောက်တည်း
မဟုတ်ဘူး ကျွန်မသိတယ်
ပြီးတော့

ဒီ အသိဟာ အမြဲ လုံလောက်တယ်လေ ။ ။

(၂၀၁၆ - ဇန်နဝါရီ  )


 - ဏေသစ်

No comments:

Post a Comment