Tuesday, September 26, 2017

အခြားပုံပြင်များ ( တစ်ခါတုန်းက တစ်နေရာရာမှာ)

၁) ကော်ဖီ



ဟိုးရှေးရှေးတုန်းက ကော်ဖီသောက်တာဟာ ပြစ်မှုမြောက်တဲ့ ခေတ်တစ်ခေတ် ရှိဖူးတယ်။ အကြောင်းရင်းကတော့ ကော်ဖီဟာ အလွန်မွန်မြတ်စင်ကြယ်တဲ့ သောက်သုံးစရာ တစ်ခုဖြစ်ပြီး လူသားတွေ သောက်ဖို့ မထိုက်တန်ဘူးလို့ သဘောထားကြလို့ပဲ။ နတ်ကွန်းတွေမှာ နတ်တွေကို ပူဇော်ပသစရာ ပစ္စည်းတစ်ခု အနေနဲ့ပဲ ထားတယ်။


တစ်နေ့မှာ နတ်ကွန်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ကိုးကွယ်တဲ့ နတ်မင်းဆီ ကော်ဖီဆက်ကပ်လိုက်တဲ့ အခါ ခွက်ကို မတော်တဆ ဆောင့်ချမိသွားပြီး သူ့ မျက်နှာနဲ့ နှုတ်ခမ်းတွေဆီ ကော်ဖီလာ စင်တယ်။ နှုတ်ခမ်းတစ်ဝိုက်က ကော်ဖီစက်တွေကို လျှာနဲ့ မတော်တဆ သပ်ချမိတဲ့ အခါ ကော်ဖီရဲ့ ခါးသက်နက်နဲမှုကို သူ အရသာ တွေ့သွားတယ်။ အဲဒီနေ့က စ ပြီး ဘယ်သူ့ကိုမှမပြောဘဲ ကော်ဖီတွေ ကိုယ်တိုင်ဖျော်ပြီး တစ်ယောက်တည်း ခိုးသောက်တယ်။

သူ့ ပုံစံကလေးက တက်ကြွပြီး အသက်ရှင်နေထိုင်ရတာ ပျော်ရွင်လာပုံရတဲ့ အခါ လုပ်ဖော်ကိုင်ဖက်တချို့က သူ့ကို မနာလိုဖြစ်လာတယ်။ ဒါနဲ့ လိုက်ချောင်းကြည့်တဲ့ အခါ ကော်ဖီခိုးသောက်နေတာကို မိသွားတယ်။

ဒီလိုနဲ့ အဲဒီနိုင်ငံရဲ့ တရားစီရင်ထုံးအတိုင်း ကောင်လေးကို သေဒဏ်ပေးဖို့ ဖြစ်လာတယ်။ သေဒဏ်မပေးခင် တစ်ည အချုပ်ခန်းထဲ ချုပ်ထားတဲ့ အချိန်မှာ မိန်းကလေးတစ်ယောက်က သူ့ကို လာခိုးတွေ့တယ်။ သူမကိုယ် သူမ နိုင်ငံ့အကြီးအကဲရဲ့ သမီးပါ လို့ မိတ်ဆက်တယ်။ " ရှင် သိလား ။ ဒီနိုင်ငံမှာ ကော်ဖီခိုးသောက်နေတာ ရှင်တစ်ယောက်တည်း မဟုတ်ဘူး။ အထက်တန်းလွှာဆိုတဲ့ လူတန်းစားတွေ အားလုံးပဲ ။ သူတို့က လူရှေ့သူရှေ့မှာသာ ကော်ဖီသောက်တဲ့ အလုပ်ကို ရှုတ်ချအပြစ်တင်နေကြတာ။ ကော်ဖီသောက်လို့ သေရမယ်ဆိုရင် သူတို့လည်း အကုန်သေသင့်တယ် " လို့ ပြောပြီး ကောင်လေးကို ထောင်က လွှတ်ပေးလိုက်တယ်။ နောက်ထပ် ဒဏ္ဍာရီ မူကွဲတစ်ခုမှာတော့ နိုင်ငံ့အကြီးအကဲ ကိုယ်တိုင် ကောင်လေးကို ခိုးတွေ့ပြီး (လျှို့ဝှက်စွာ တွေ့ဆုံပြီး ) သူတို့တွေလည်း ကော်ဖီကို ခိုးသောက်နေရကြောင်း၊ ဒါပေမယ့် လူထု တစ်ရပ်လုံးဆီမှာ ကော်ဖီသောက်တာကို ဆန့်ကျင်ရမယ်ဆိုတဲ့ အသိတရားကြီး အားကောင်းနေတော့ ကော်ဖီသောက်တာကို ဥပဒေအရ ခွင့်ပြုပေးဖို့ သူ့တစ်သက်တာမှာတော့ မဖြစ်နိုင်သေးတဲ့ အကြောင်းပြောရင်း ကောင်လေးကို လွှတ်ပေးလိုက်တယ်။ လူတွေကိုတော့ တရားခံဟာ ထောင်ဖောက်ပြေးသွားပြီလို့ သတင်းလွှင့်လိုက်တယ်။

ဒီလိုနဲ့ ကောင်လေးဟာ တခြားနိုင်ငံကို ထွက်ပြေးသွားပြီး ကော်ဖီဖျော်နည်း တွေကို မျှဝေပေးတယ်။ အဲဒီနိုင်ငံမှာမှ ကော်ဖီကို လူကြိုက်များလာကြပြီး နှစ်တွေခေတ်တွေ ကြာလာတဲ့အခါ ကျနော်တို့ သောက်တဲ့ ကော်ဖီ ဖြစ်လာသတဲ့။ ။
---------------------------------------------------------------------- 
၂) ဆု​တောင်းပြည့်​ ​ရေတွင်း


ဟိုး ​အရင်​တုန်းက ရွာတစ်​ရွာမှာ ဆု​တောင်းပြည့်​တဲ့ ​ရေတွင်း​တစ်​တွင်းရှိခဲ့ဖူးတယ်​။ အကုန်​အဆင်​​ပြေတာမို့ ရွာသား​တွေကလည်း တခြားဘာအလုပ်​မှ မလုပ်​ဘဲ အဲဒီမှာပဲ သွားဆု​တောင်းကြတယ်​။ ပ​ဒေသာပင်​ပုံပြင်​​တွေလိုပဲ အဲဒီ​ခေတ်​က လူ​တွေက ဖြူစင်​ရိုးသားတာမို့ တစ်​​ယောက်​အကျိးစီးပွားပျက်​စီး​အောင်​ တစ်​​ယောက်​ဆုမ​တောင်းဖြစ်​ကြဘူး၊ လိုတာ​လေး​တွေပဲ ​တောင်းရင်း ပြည့်​စုံ​နေကြတယ်​။

ဒီလိုနဲ့ တစ်​​နေ့​ရောက်​လာတယ်​။ တစ်​ခု​သော ​နွေရာသီ ည​နေခင်းမှာ ဆု​တောင်းသူ​တစ်​​ယောက်​က ခါတိုင်းလို ဆု တစ်​ခု​တောင်းလိုက်​​ပေမယ့်​ မပြည့်​လာဘူး။ ​တခြားသူ​တွေလည်း ဘာဆု​တောင်း​တောင်း မပြည့်​​တော့ဘူး။ သူတို့ တစ်​သက်​နဲ့ တစ်​ကိုယ်​မှာ အဲဒီလို ဖြစ်​တာ​တွေ မကြုံဖူး​တော့ ပျာယာခတ်​ကုန်​ကြတယ်​။ ဒီလိုဖြစ်​တာ ဘာ​ကြောင့်​လဲ ဆိုတာ လိုက်​စုံစမ်းရင်း ​ရှေ့က ​နောက်​ဆုံးအကြိမ်​ ဆု​တောင်းပြည့်​တဲ့ သူဆီ ​ရောက်​လာတယ်​။ 
အဲဒီ လူရဲ့ ဆု​တောင်းက " ဒီ ​ရေတွင်းကြီး ရဲ့ ဆု​တောင်းပြည့်​တဲ့ အာနိသင်​ လုံးဝပျက်​ပြယ်​သွားပါ​စေ " တဲ့ ။

အဲဒီ​ခေတ်​က အပြစ်​​ပေးမှုပုံစံ​တွေ ဥပ​ဒေ​တွေ ဘာမှ မရှိ​သေးတာမို့ အဲဒီလူ ကို အ​ရေးယူမှု တစ်​စုံတစ်​ရာ မရှိခဲ့ပါဘူး တဲ့။ ပုံပြင်​​တွေရဲ့ ထုံးစံ အားနည်းချက်​အတိုင်းပဲ ဒီလူ ဘာ​ကြောင့်​ဒီလို လုပ်​သွားရတယ်​ဆိုတာက မူကွဲတစ်​ခုနဲ့ တစ်​ခု ကွဲ ​နေပြန်​ပါတယ်​။ တချို့ မူကွဲ​တွေမှာ လူသား​တွေမှာ ထူးခြားတဲ့ စွမ်းအား​တွေ ပိုင်​ဆိုင်​ထားတာကို မနာလိုမရှုဆိတ်​တဲ့ နတ်​​တွေက ဒီလူကို ပူးကပ်​ပြီး ဖျက်​ဆီး​စေခဲ့တာလို့ ဆိုတယ်​။ တချို့ မူကွဲ​တွေ အရ​တော့ အဲဒီလူဟာ အ​မျော်​အမြင်​ရှိသူ တစ်​​ယောက်​ဖြစ်​ပြီး လူတိုင်း ဆု​တောင်းပြည့်​​နေခြင်းရဲ့ အန္တရာယ်​ ကို ကြိုမြင်​တာမို့ လူသား​ကောင်းကျိုးအတွက်​ သူ့နာမည်​နဲ့ ဂုဏ်​သိက္ခာကို အထိခိုက်​ခံ စွန့်​စားခဲ့တယ်​လို့ သုံးသပ်​ပြကြတယ်​။

မူကွဲ​တွေမှာ ဘာမှ ဆက်​မ​ပြော​ပေမယ့်​ ပုံပြင်ကို ကြားကြသူတို​င်း ​တွေးမိမှာက " ဒီ ​ရေတွင်းသာ ဆက်​ ဆု​တောင်းပြည့်​​နေ​သေးရင်​ ဘာ​တွေ ဖြစ်​​နေဦးမှာလဲ " ဆိုတာပါပဲ ။ ။

---------------------------------------------------------------------- 


၃ )Dream Catcher

 
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်က ဘုရင်ကြီးတစ်ပါးမှာ ဆယ်ကျော်သက်အရွယ် သားတော် မင်းသားလေး တစ်ပါး ရှိတယ်။ ဘဝမှာ လိုချင်တာ မှန်သမျှ လွယ်လွယ်ရလွန်းလို့ ငြီးငွေ့နေတဲ့ မင်းသားလေးပေါ့။

တစ်ညမှာ သူ အိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ မင်းသမီးလေးတစ်ပါးနဲ့ တွေ့ပြီး ချစ်ကျွမ်းဝင်သွားခဲ့တယ်။ အရမ်း ကြည်နူးပျော်ရွှင်ရပေမယ့် အိပ်ရာက နိုးလို့ အိပ်မက်မှန်း သိလာတဲ့ အခါ သူ စိတ်ထိခိုက်သွားရတယ်။ အိပ်မက်ထဲက မိန်းကလေးကို အရမ်းစွဲလမ်းသွားတာမို့ မင်းသားလေးဟာ တနေ့တခြား မစားနိုင်မသောက်နိုင် ဖြစ်လာသတဲ့။ အပြင်လောကမှာ မိန်းကလေးတွေနဲ့ ထပ် ဆုံပေမယ့် အိပ်မက်ထဲက မိန်းကလေးကိုပဲ တသသ ဖြစ်နေခဲ့တယ်။

ဒါကို မကြည့်ရက်တဲ့ မင်းသားလေးရဲ့ လူယုံတော်ကြီးဟာ မင်းသားလေးကို သူ သိတဲ့ အိပ်မက်မှော်ဆရာကြီးဆီ ခေါ်သွားတယ်။ မှော်ဆရာကြီးက အကျိုးအကြောင်းမေးပြီး မင်းသားလေးကို မှော်အတတ်ပညာနဲ့ စီရင်ထားတဲ့ dream catcher တစ်ခု ပေးလိုက်ပြီး ဂါထာတစ်ပုဒ်လည်း သင်ပေးလိုက်တယ်။ Dream catcher ကို အိပ်ရာနားမှာ ထားပြီး ဒီ ဂါထာကို ရွတ်လိုက်ရင် ည အိပ်တဲ့ အခါ လိုချင်တဲ့ အိပ်မက်ကို မက်တယ်လို့ မှော်ဆရာကြီးက သင်ပေးလိုက်တယ်။

ဒီလိုနဲ့ မင်းသားလေးဟာ သူ ချစ်တဲ့ မိန်းကလေးနဲ့ အိပ်မက်တွေထဲမှာ ပြန် ဆုံဆည်းခွင့် ရ လာခဲ့တယ်။ သူ့ အိပ်မက်တွေဟာ သူ့ အတွက် အရမ်း အဓိပ္ပာယ် ရှိလာတယ်။ ဒါတွေဟာ တကယ်မဟုတ်မှန်း သိနေရတာ၊ ပြီးတော့ အချိန်တစ်ချိန်ကျရင် ပြန်ဆုံးရှုံးသွားမှာကို သိနေရတာ ဆိုတဲ့ ခံစားချက်က အရမ်း ဆွဲဆောင်မှုရှိတယ်လို့ လူယုံတော်ကြီးကို သူက ပြောပြတယ်။

ဒါပေမဲ့ အိပ်မက်တွေထဲမှာ သာယာနေတဲ့ မင်းသားလေးဟာ လက်တွေ့ဘဝမှာ လစ်ဟင်းလာခဲ့တယ်။ ညဘက် မဟုတ်လည်း နေ့ဘက်တွေမှာပါ dream catcher ရှိနေတဲ့ သူ့ အိပ်ခန်းဆီ သွားတယ်။ မှော်ဆရာကြီးက dream catcher ကို ညဘက်တွေမှသာ သုံးပါ လို့ သတိပေးခဲ့တာကို သူ ဂရုမစိုက်တော့ဘူး။ အိပ်မက်တွေရဲ့ လွှမ်းမိုးမှုဟာ တစထက် တစ အားကောင်းလာခဲ့တယ်။ သူ အိပ်မက်တွေကို တတ်နိုင်သလောက် မဆုံးရှုံးရအောင် ကာကွယ်မယ်လို့ လူယုံတော်ကြီးကို ထပ် ပြောတယ်။

မင်းသားလေးဟာ စစ်ပညာလေ့လာမှုတွေလည်း မလုပ်တော့တာ မင်းကြီး သိတဲ့ အခါ သူ့ သားတော်လေး အကြောင်းကို စုံစမ်းစေတယ်။ သူ့ သားတော်ဟာ ရှင်ဘုရင် မဖြစ်ချင်လောက်အောင် အိပ်မက်တွေမှာ တွယ်ငြိနေတာ မြင်ရတော့ မဖြစ်ချေဘူးဆို dream catcher ကို ယူပြီး ဖွက်သိမ်းထားလိုက်တယ်။

အဲဒီအခါမှာ မင်းသားလေးဟာ အခြေအနေ ပိုဆိုးလာတယ်။ အသိစိတ်ကင်းမဲ့ သူလို တစ်ယောက်တည်း စကားတွေ ပြောနေတတ်ပြီး အစားလည်း မစားတော့ဘူး။ ပိုဆိုးတာက ညဘက်လည်း မအိပ်တော့ဘူး။ ပြတင်းပေါက်ကို ကြည့်ပြီး ငူငူငိုင်ငိုင် ထိုင်နေတယ်။ ဘုရင်ကြီးကတော့ ဒီ အဆင့်တွေကို ကျော်ဖြတ်မှ သူ့သား စိတ်ဓာတ် ကြံ့ခိုင်လာမယ်ဆိုပြီး ယူဆတဲ့အတွက် ဘာမှ ဝင်မကူညီဘဲ နေပေမယ့် အထိန်းတော်ကြီးက မကြည့်ရက်ဘူး။ ဒီ ကိစ္စကို ဖြေရှင်းဖို့ မှော်ဆရာကြီးကို သွားပြန်ရှာတဲ့ အခါ မှော်ဆရာကြီးဟာလည်း ဘယ်မှန်း မသိတဲ့ ခရီးအဝေးကြီးကို ထွက်သွားပြီ တဲ့။

နောက်ဆုံး မင်းသားလေးကို မကြည့်ရက်တော့တဲူ့လူယုံတော်ကြီးဟာ dream catcher ကို သွား ခိုြးီပီး မင်းသားလေးဆီ ယူလာတယ်။ dream catcher ကို ခိုးပြီး မင်းသားလေးကို ပေးလိုက်တဲ့ ညမှာ မင်းသားလေးဟာ ပျော်ရွှင်လွန်းလို့ တုန်တုန်ယင်ယင် ဖြစ်နေခဲ့တယ်။ ကျေးဇူးတင်တဲ့ အကြောင်း တဖွဖွ ပြောနေခဲ့တယ်။

နောက်တစ်နေ့ မနက် ၊ လူယုံတော်ကြီးက မနက်စာ စားဖို့ မင်းသားလေးကို သွားခေါ်တဲ့ အခါ မင်းသားလေးအခန်းက အထဲက မင်းတုံးချထားတယ်။ မင်းသားလေးကို ခေါ်ကြည့်တဲ့ အခါမှာလည်း ပြန်ထူးသံမကြားရဘူး။ ဒါနဲ့ တံခါးကို ဖျက်ဝင်တဲ့ အခါမှာ

မင်းသားလေး ပျောက် နေခဲ့တယ်။

ပြတင်းပေါက်က ခုန်ချသွားတဲ့ လက္ခဏာ ၊ ကြိုနဲ့ တွယ်ဆင်းသွားတဲ့ လက္ခဏာ၊ ရုန်းရင်းဆန်ခတ်တစ်ခုခု ဖြစ်ခဲ့တဲ့ လက္ခဏာမျိုးတွေ မတွေ့ဘူး။ အားလုံး သိမ်သိမ်မွေ့မွေ့ပဲ။

ထူးခြားချက်တစ်ခုကတော့ မင်းသားလေးနဲ့ အတူ Dream catcherလည်း ပျောက်နေခဲ့တာပဲ။

လူယုံတော်ကြီးဟာ စိတ်မကောင်းစွာနဲ့ မင်းကြီးဆီ သွားလျှောက်တင်ဖို့ ပြင်တယ်။ အပြစ်ပေးရင်လည်း ခံယူမယ်ပေါ့။

ဒါပေမဲ့ ဘုရင်ကြီးက သူ့ကို အပြစ်မတင်ခဲ့ဘူး။ ဒီ ကိစ္စတွေ ဖြစ်သွားတာကို သူ သိပြီးသားဆိုတဲ့ အကြောင်းကို ဆွေးဆွေးမြည့်မြည့် လေးလေးပင်ပင်နဲ့ ပြောတယ်။ ညက မင်းသားလေးဟာ သူ့ အိပ်မက်ထဲ ရောက်လာတယ်။ ဒါကြောင့် သူ သိခဲ့ရတာ လို့ ဆိုတယ်။

အိပ်မက်ထဲမှာ ဘာတွေ ဖြစ်ခဲ့တယ်၊ မင်းသားလေးက သူ့ကို ဘာတွေ ပြောခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့တော့ ဘုရင်ကြီးက ဘာမှ မပြောဘူး။ ဘယ်တော့မှလည်း မပြောတော့ဘူး တဲ့ ။ ။

- ဏေသစ်

No comments:

Post a Comment