ကျနော်က လေယာဉ်ပျံ မဟုတ်ဘူး၊ မီးရထားပဲ
ဘာလို့လဲ ၊ ကျနော့်ကိုယ် ကျနော်
လေယာဉ်ပျံဖြစ်သင့်တယ် ထင်နေတာ
ဒါပေမဲ့ မဟုတ်ခဲ့ဘူး၊ ရှိပါစေတော့ ။
ယုတ္တိဗေဒ ဆရာ စာသင်နေတုန်း
အတန်းထဲ ကျနော် ဝင်သွားတယ် ၊
စာသင်လက်စ ဆရာက သင်လက်စ
သင်ခန်းစာ အကြောင်းပြောလို့ မပြတ်သေးတာနဲ့
အတန်းထောင့်က ခုံအလွတ်မှာ ဝင်ထိုင်ဖို့
ကျနော့်ကို မေးဆတ်ပြတယ်၊ ကျနော် ဝင်ထိုင်တယ် ၊
ကျောက်သင်ပုန်းမှာ
" လူတိုင်းသည် သေမျိုး ဖြစ်၏
ဆော့ခရတ္ထိသည် လူ ဖြစ်၏
ထို့ကြောင့် ဆော့ခရတ္ထိသည် သေမျိုး ဖြစ်၏ "
ဆိုတဲ့ စာတစ်ပိုဒ်နဲ့
" လူတိုင်းသည် သေမျိး ဖြစ်၏
ဆော့ခရတ္ထိသည် သေမျိုးဖြစ်၏
ထို့ကြောင့် လူတိုင်းသည် ဆော့ခရတ္ထိ ဖြစ်၏ "
ဆိုတဲ့ စာတစ်ပိုဒ်ကို ယှဉ်ရေးထားတယ်။
ဘေးက ကျောင်းသားတွေကို ကြည့်လိုက်တော့
ဆော့ခရတ္ထိလို ဂရိရုပ်မျိုးနဲ့ လူ
တစ်ယောက်မှ မရှိ။ သူတို့ ထဲက တစ်ယောက်ကို
" ဟေ့ကောင် သားကြီး၊ ငါက လေယာဉ်ပျံနဲ့ မီးရထား
ဘယ်ဒင်းနဲ့ ပိုတူလဲကွာ " လို့ မေးတော့
" တိုးတိုး ဟေ့ကောင်၊ အဲဒါတွေ မသင်ရသေးဘူးလို့
ပြန်ဖြေတယ် " သြော်" ကျနော်အတန်းထဲက
ထွက်လာပြီး နောက် တစ်ရက်ပြီး တစ်ရက်
ကြာသွားပြီး စာသင်ခန်းထဲ ထပ်ဝင်၊ သင်ခန်းစာက
မပြတ်သေး၊ ကျနော် ထပ်ဝင်လာတယ်။ သင်ခန်းစာ
ပြီးပြီ၊ ဆရာလည်း မရှိ၊ ကျောင်းသားတွေလည်း
မရှိတော့ဘူး။ " ဆော့ခရတ္တိသာ ဒီဘက်ခေတ်မှာ
ရှိနေရင် လေယာဉ်ပျံနဲ့ မီးရထား ၊
ဘာကို သုံးပြီး ခရီးသွားမယ်ထင်လဲ " လို့ ကျောက်သင်ပုန်းမှာ
မေးခွန်းတစ်ကြောင်း ရေးထားတယ်။
" နည်းနည်းတော့ များသွားပြီ " ကျနော် ထ
အော်မိတယ်။ ဆော့ခရတ္ထိတောင်
ဒီ ဘက်ခေတ်မှာ ရှိနေနိုင်သေးရင်
လေယာဉ်ပျံတွေ မီးရထားတွေဟာ
စီးစရာ ယာဉ်ထက် ဘာလို့ မပိုနိုင်ရမှာလဲလို့
ကျနော့်နေရာမှာ ဘယ်သူမဆို
တွေးကောင်း တွေးမိမှာပဲ မလား။
ဒါပေမဲ့ တစ်နေ့တော့ " ဆော့ခရတ္ထိဟာ စီးစရာ
ယာဉ်လား " လို့ ကျနော် စဉ်းစားမိလာတယ်။
စီးစရာယာဉ်၊ ပြီးတော့ သေမျိုး ၊ လူ ၊ ပြီးတော့
ဆော့ခရတ္ထိ။ အတွေးဟာ အတွေးနဲ့ ဆက်စပ်မရနိုင်တဲ့
မခံမရပ်နိုင်မှုမှာ ကျနော့် ခေါင်းထဲ မီးခိုးငွေ့တွေ
အပြည့် ။ *ကျနော် ဖီလော်ဆိုဖာ မဟုတ်ဘူး။
ရှင်သန်ခြင်းဟာ စီးနင်းစရာပဲ။ ဘူတာဆီ
ရောက်ပေမယ့် ကိုယ့်ကိုယ်ကို လေယာဉ်ပျံ
မဟုတ်ကြောင်း ချေပစရာ ရှာမရခဲ့။ တစ်နေ့မှာတော့
စာသင်ခန်းထဲက ကျောက်သင်ပုန်း
မှာ မေးခွန်းတစ်ခုရေးထားတာ တွေ့လိုက်ရတယ်။
" ဆော့ခရတ္ထိ က သေမျိုး မဟုတ်ရင်ရော " တဲ့။
- ဏေသစ်
ကိုးကား ။ ။ " Why I Am Not A Painter " by " Frank O ' Hara"
* ဆရာအောင်ချိမ့်စာသား
" ငါ ဖီလော်ဆိုဖာ မဟုတ်ဘူး
အချစ်ဟာ မုန်လာဥပဲ " ကို မှီး ။

No comments:
Post a Comment