Tuesday, September 26, 2017

ကိုယ့် စာသားနဲ့ သူတပါးရဲ့ ခေါင်းစဉ်

[ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ခင်မင်ရင်းနှီးသူ ကဗျာဆရာ မိတ်ဆွေတချို့ကို အကူအညီတောင်းပြီး ကိုယ့်ကိုယ်ကို assignment တစ်ခု ပေးကြည့်ဖြစ်ပါတယ်။ သူတို့ ပေးလာတဲ့ ကဗျာ ခေါင်းစဉ်တွေနဲ့ ကဗျာရေးကြည့်ဖို့ ကြိုးစားတာပါ။ အခုတောင် အကုန်လုံး ရေးလို့ မပြီးသေးပါဘူး ]


ဒီခဏပြီးရင်​ ​နောက်​လာမယ့်​ ခဏက မင်းဘဝဆိုတာ

၁)
အဓိပ္ပာယ်​ကို နားမလည်​​ပေမယ့်​ ဟာသတစ်​ခုခုလို့ သိလိုက်​တယ်​။ ဒီလိုနဲ့ ကျွန်​​တော်​​ရောက်​ရှိ​နေခဲ့တာဟာ နှစ်​ဆယ့်​သုံးနှစ်​နဲ့ ။ ​ကော်​ဖီကိုးဆယ့်​ကိုးခွက်​။ ပင်​အပ်​ပုံဆွဲထားတဲ့ မိုးပျံပူ​ဖောင်းတစ်​လုံး ​လေ​ပေါ်တက်​သွားတယ်​။ မီးပွိုင့်​​တွေ အားလုံးဟာ အဖြူအမည်း​တွေ ဖြစ်​ကြတယ်​။ သူတို့က ကျွန်​​တော့်​ကို တစ်​ခုခု ​ပြော​စေချင်​မှန်း ခံစားမိတယ်​။ ကျွန်​​တော့်​မှာ အသံရှိမ​နေဘူး။ Damn!

၂)
အိပ်​မက်​က နိုးလာတယ်​။ အဲဒီ​နောက်​မှာ အိပ်​မက်​က နိုးလာခြင်းအမှုကို ထပ်​တလဲလဲ ပြုလုပ်​တယ်​​။ ငါရှိတယ်​​လေ၊ အဲဒီ​တော့ ငါ ​တွေးတာ​ပေါ့ မင်းလည်း ဒီလိုပဲ မဟုတ်​လား လို့ ​ဘေးက လူကို လှမ်း​မေးမယ်​ လုပ်​ပြီးမှ ကျွန်​​တော့်​မှာ အသံမရှိမှန်း သတိရလာတယ်​။ ဒါ​ပေမယ့်​ ​ဘေးက လူဟာ ကျွန်​​တော်​ပဲ ဖြစ်​​နေ​တော့ ငါလည်း အတူတူပဲလို့ ပြန်​​ဖြေတယ်​။ သူ့မှာလည်း အသံ ရှိမ​နေဘူး။

၃)
သာယာတဲ့ ​နေ့တစ်​​နေ့ ဖြစ်​တာမို့ ​သေခြင်းတရားနဲ့ ပတ်​သက်​သမျှ​ အ​ကြောင်းကို ရှု​ထောင့်​အမျိုးမျိုးက ဆင်​ခြင်​ကြည့်​​နေနိုင်​ခဲ့တယ်​။ လက်​ထဲက စာရွက်​မှာ " စိတ်​ကူးဖြင့်​ ဖန်​တီးထားသည့်​ ကမ္ဘာကဲ့သို့​သော အရာ " ဆိုတဲ့ အဘိဓာန်​ဖွင့်​ဆိုချက်​ ဆန်​ဆန်​စာသားတစ်​​ကြောင်းကို ​တွေ့ရတယ်​။ ​ဘယ်​သူမှ မလုပ်​ခိုင်း​ပေမယ့်​ စာ​ကြောင်းမှာ ကွက်​လပ်​​တစ်​ခုခု လိုက်​ဖြည့်​​နေမိတယ်​။ ____ ဖြင့်​ ဖန်​တီးထားသည့်​ ကမ္ဘာကဲ့သို့​သော အရာ၊ စိတ်​ကူးဖြင့်​ ဖန်​တီးထားသည့်​ _____ ကဲ့သို့​သော အရာ၊ စိတ်​ကူးဖြင့်​ ဖန်​တီးထားသည့်​ ကမ္ဘာကဲ့သို့​သော _____ ။ တစ်​​ယောက်​​ယောက်​ မိန့်​ခွန်း​ပြော​နေတဲ့ အသံကို ကြားတယ်​။ ​သေနတ်​သံတစ်​ချက်​ကို ကြားလိုက်​ရပြီး မိန့်​ခွန်း​ပြော​နေတဲ့ အသံပိုင်​ရှင်​ ​ပြောင်းသွားတာကို ကြားလိုက်​ရတယ်​။ သိပ်​မကြာခင်​ ​သေနတ်​သံ ​နောက်​တစ်​ချက်​ ထပ်​ကြားလိုက်​ရတယ်​။

၎)
ကျွန်​​တော်​နဲ့၊ ကျွန်​​တော်​တို့နဲ့ က လွဲပြီး ဘယ်​သူမှ ဘယ်​အရာမှ ရှိမ​နေ​တော့တဲ့ ဟင်းလင်းပြင်​ကြီးထဲ ​ရောက်​​နေတယ်​။ ​ရောက်​​နေကြတယ်​။ " အဆင်​သင့်​ပဲလား" လို့ တခြား ကျွန်​​တော်​က ​မေးတယ်​။ ဘယ်​လိုပြန်​​ဖြေရမလဲဆိုတာ ကျွန်​​တော်​ ​ကောင်း​ကောင်းသိ​နေတယ်​။ ကျန်​တဲ့ ကျွန်​​တော်​တစ်​​ယောက်​လည်း ကျွန်​​တော့်​လိုပဲ သိ​နေခဲ့တယ်​။ ။

- ​ဏေသစ်

( ​ခေါင်းစဉ်​ကို " အာခီယာ " က ​ပေးပါတယ်​ )

-----------------------------------------------------------------------------------------------

Stepwells

အသံရဲ့ အသံ
ရဲ့ အသံ

ခြောက်​ခြား​နေတာ
အ​ကြောင်းမဲ့​တော့
မဟုတ်​ဘူး

ငါ မြင်​တယ်

မြို့ရဲ့ သြဇာဟာ
ငါတို့ အ​ပေါ်
ကံဆိုးခြင်းတစ်​ခုလို
အုံ့မိုး ​နေခဲ့တာ

ရေဟာ ​တွေ​ဝေတယ်

တုန်​ခါ​နေတဲ့ တိတ်​ဆိတ်​မှုထဲ
တနင်္ဂ​နွေ​တွေ တိုက်​ခတ်​​နေတာ

ဆု​တောင်းဟာ ဆူပွက်​​နေတယ်

မြို့ဟာ
တစ်​စုံတစ်​ရာ​တွေကို
ရည်​ရွယ်​ချက်​ရှိရှိ ​ဖျောက်​ဖျက်​​နေတာ

ငါ သိတယ်

ငါ သိ​နေတာကို
မြို့ကလည်း သိ ​နေတယ်​ဆိုတာကို
ငါ သိတယ်


ည​တွေမှာ အိပ်​မက်​ထဲကို ပလတ်​စတစ်​အိတ်​အမည်းမျက်​နှာဖုံးနဲ့ လူတစ်​​ယောက်​ ​ရောက်​​ရောက်​လာပြီး ကယ်​တင်​ခံရဖို့ အချိန်​နီးလာပြီလို့ ​ပြော​​ပြောသွားတယ်​။ မနက်​နိုးလာတဲ့ အခါတိုင်း လှိုင်း​တွေ​လေ​တွေကြား ဘာ​ကြောင့်​မှန်းမသိ ​ရောက်​​ရောက်​​နေတယ်​။

- ​ဏေသစ်

(ကဗျာ ​ခေါင်းစဉ်​ကို Khantkyi Maung က ​ပေးပါတယ်​)



-----------------------------------------------------------------------------------------------

လက်​နက်​ချချင်​စိတ်​​ပေါင်း တစ်​သန်းနဲ့

ကိုယ်​တို့​တွေ ကိုယ်​တိုင်​ဟာ
တခါတ​ခါဆိုသလို တ​ရေးနိုးလာပြီး
ပြန်​အိပ်​မရ​တော့တဲ့
ည​ ​တွေ ဖြစ်​သွားတတ်​ကြတာပဲ

ရွှေ့​ပြောင်းပင်​လယ်​​တွေလို
လက်​တံအတိုအရှည်​​တွေ
အရည်​​ပျော်​ ဖြန့်​ကျက်​လို့
မ​ရောက်​ရှိနိုင်​​တော့မယ့်
မြို့ကြီးပြကြီး​တွေနဲ့
ချစ်​ကျွမ်းဝင်​​နေရသလိုလို
အ​တွေ့အကြုံ​​တွေ ရှိဖူးခဲ့ကြမယ်

ဒီ စကား​တွေ​ပေမယ့်
တခြားသူ​ပြောတဲ့ အခါ
တခြား အဓိပ္ပာယ်​တစ်​မျိုး
ထွက်​ချင်​ ထွက်​​မယ်​၊ ခက်​မယ်​၊

လွယ်​မယ်​ ဆိုတာနဲ့ ပတ်​သက်​ပြီး
ဘယ်​သူက ​ရွေးချယ်​ခွင့်​ရှိခဲ့လဲ
စက္ကူနဲ့ လုပ်​တဲ့ စိတ်​​​တွေ​ ​လှေလို
ခရီးထွက်​သွားတဲ့ အကွာအ​ဝေးနဲ့ 

ဘေးထွက်​ပတ်​ဝန်းကျင်​အရပ်​​ဒေသ
အာသီသ​နောက်​တစ်​ခုဆီ
ရောက်​တဲ့ အခါ နာမည်​တစ်​မျိုး ​ပြောင်းလဲပြီး
ဇာတ်​မြုပ်​​နေထိုင်​​​ကောင်း​နေထိုင်​မှာပဲ

အ​သွေးအသားရဲ့ အသက်​ရဲ့
အသိစိတ်​​တွေရဲ့ အပ မှာ 
နောက်​တစ်​ခါ ​ရောက်​မလာ​တော့မယ့်
အရာမှန်​သမျှရဲ့ လက်​ရှိဘဝအ​ပေါ်
လွှမ်းမိုးချုပ်​ကိုင်​​နေမှုကို
လွယ်​လွယ်​ကူကူ
မသိ​​ယောင်​ပြုကြည့်​တဲ့ အ​လေ့အထ
အ​ပေါ် ဘာများ
ဆက်​လက်​တတ်​နိုင်​ကြလို့လဲ

ပြီး​တော့လည်း ဒါပဲ​လေ ... ။ ။

- ​ဏေသစ်

( ​ခေါင်းစဉ်​ကို ပိုင်​ဉာဏ်​က​ ​ပေးပါတယ်​ )


-----------------------------------------------------------------------------------------------

လက်​ပြင်​ကိုင်းသူ

မနက်​ဘက်​ နိုးလာတဲ့ အခါ
ဘာသာစကားသုံး​လေးမျိုး တတ်​​မြောက်​​နေတာပဲ ဖြစ်​ဖြစ်​၊
အသက်​ရှင်​လျက်​ ရှိမ​နေ​တော့တာကိုပဲ ဖြစ်​ဖြစ်​ 
မျှော်​လင့်​တတ်​သူ​တွေချည်းပါပဲ။

နေ့ဘက်​​တွေမှာ မသိမှန်း မသိရတာ​တွေ
ညဘက်​​တွေမှာ မသိချင်​​ပေမယ့်​ မသိခွင့်​ မရတာ​တွေ ...

လှ​ပေမယ့်​ ​မြေဆွဲအားဟာ ဖျား​ယောင်းတယ်​။

ည နက်​တိုင်း နက်​တိုင်း
ဘူးခွံအလွတ်​ရဲ့ အ​မှောင်​ထဲကို ငုံ့ကြည့်​ပြီး
အသံတစ်​မျိုးပြီး တစ်​မျိုး​ပေး​ကြည့်​နေရတဲ့ အ​ပေါ်
ဂုဏ်​ယူစိတ်

ကို နာမည်​တစ်​မျိုးမျိး ​ပေးထားတာ ရှိမှာ​ပေမယ့်
မေ့​နေခဲ့ပါပြီ။ အချိန်​ကာလမှာ တကယ်​အစွမ်းမထက်​​ပေမယ့်
အာနိသင်​တစ်​ခုရှိမယ်​လို့ ယုံကြည်​​စေတတ်​တာကိုလည်း
သ​ဘောကျ​နေခဲ့ပါပြီ။

ဥပမာ - မနက်​အိပ်​ရာထတဲ့ အခါ
လက်​ပြင်​မှာ အ​တောင်​ပံ​တွေ ​ပေါက်​​နေတာကို
မြင်​ရရင်​ ဆိုတာမျိုး ။ ။

- ​ဏေသစ်

(​ခေါင်းစဉ်​ကို ကိုမှူး​နေဝန်းက ​ပေးပါတယ်​ )



-----------------------------------------------------------------------------------------------

ခြေတစ်ဖက်ဆာနေတဲ့ ကောင်မလေးဟာ ဘဝတစ်ခုလုံးကို မြိန်​ရည်ရှက်ရည် စားသောက်ပြီးနောက် အိပ်ပျော်သွားခဲ့

ပေမယ့်​ ကိုယ့်​ အရိုးနမူနာကို သူ ရ လိုက်​တာပါပဲ။ ​ပြောရရင်​ ဒါဟာ ပုံပြင်​တစ်​ပုဒ်​ထဲမှာ ပါဝင်​​တည်​ရှိ​နေတဲ့ ပုံ​ပြောသူက ​နောက်​ထပ်​ပုံ​ပြောသူ တစ်​​ယောက်​ ပါဝင်​​နေတဲ့ ပုံပြင်​အ​ကြောင်းကို ထပ်​​ပြော​နေသလို​ပေါ့။

ငှက်​​တွေ ​သေတဲ့ အခါ အ​ငွေ့ပျံပြီး ​လေဖြစ်​သွားတယ်​။ ​လေထဲမှာ ပုံပြင်​​တွေ ပါဝင်​​​နေပေမယ့်​ ပုံပြင်​ထဲမှာ လူ​တွေ ​နေတဲ့ ​ခေတ်​ကကုန်​သွားပြီ။ အချိုးအ​ကွေ့​တွေမှာ အခိုး​အ​ငွေ့​တွေလို ကိုယ်​တို့ ခဏခဏ ဆုံဖူး တာ။ "လွန်​​လေပြီး​သော​"တွေ ဓာတ်​ကြိုးထဲ စီးဆင်းသွားပြီး​ မီးလင်းလာခဲ့တာ။ ဒီ အ​တိုင်းဆို သောကြာ​နေ့​တွေတိုင်းဟာ စုံဂဏန်း​တွေ ဖြစ်​​နေ​တော့မှာပဲ ။

ခြေတစ်ဖက်ဆာနေတဲ့ ကောင်မလေးဟာ ဘဝတစ်ခုလုံးကို မြိန်​ရည်ရှက်ရည် စားသောက်ပြီးနောက် အိပ်ပျော်သွားခဲ့တယ်​။ ဘူတာရုံတိုင်းမှာ ထွက်​ခွာသွား​တော့မယ့်​ ငှက်​အမျိုးမျိုးဟာ သံ​နေသံထားအမျိုးမျိုးနဲ့ နှုတ်​ဆက်​ကြတယ်​။ ဒါ​ပေမဲ့ ၊ တကယ်​လို့များ လူကူးမျဉ်းကြား​ပေါ် ​နောက်​တစ်ခါ ပြန်​​တွေ့တဲ့ အခါ ကိုယ်​ မင်းမျက်​လုံးကို တွန်းဖွင့်​ပြီးဝင်​လာခဲ့မှာ။ မင်းရဲ့ အရိုး​တွေ အဖြစ် မင်းဆီမှာ ပြန်​လည်​ဝင်​စားမှာ။ ဒါနဲ့များ​တောင်​ ရထားဥသြသံ​တွေမှာ ဘဝဟာ မ ဂဏန်း ​ပဲ။

အရာရာကို ကိုယ်​ ရခဲ့ပြီ။ အဲဒီလို ကိုယ်​ရခဲ့ပြီလို့ ယုံကြည်​​နေတဲ့ စိတ်​ကိုလည်း ရခဲ့ပါပြီ။

- ​ဏေသစ်

( ကဗျာ ​ခေါင်းစဉ်​ကို ဆစ်​ခ်​ က ​ပေးပါတယ်​။ စာသား​တွေ တူ​နေတာ မရှိ​ပေမယ့်​ ဒီ ကဗျာ​အ​ပေါ်မှာ အဲဒီအချိန်က ဖတ်​​ပြီး အရမ်းကြိုက်​​နေတဲ့ ကို​မောင်​​ဒေးရဲ့ " အစိမ်း​ရောင်​ စာအုပ်​ " ဟာ အများကြီး သြဇာလွှမ်းမိုးမှု ရှိတာ ဝန်​ခံရမှာပါ )



-----------------------------------------------------------------------------------------------


ငါ့ကို နာကျင်​မှုပဲ​ပေးပါ၊ ရှိနှင့်​ပြီး ဆိုရင်​လည်း အနည်းဆုံး​တော့ သူတို့ ​ပေါင်းစပ်​ရတာ​ပေါ့

ပျက်​စီး​နေတဲ့ ဂြိုဟ်​​တွေရဲ့ ​နောက်​ဆုံး​ပေါက်​ကွဲလွင့်​စင်​မှု​တွေကို ငါတို့ ထိုင်​​ငေးကြတယ်​။ စင်​ကြယ်​မှုအ​ပေါ် မျက်​နှာမလွှဲနိုင်​ခဲ့တဲ့ ​သွေးထွက်​သံယို အစိတ်​အပိုင်း​တွေ၊ ​ခေါင်းပြတ်​ရက်​သားနဲ့ စူးစူးဝါးဝါး​အော်​ဟစ်​ အ​ပြေးလာ​နေတဲ့ မိုးတဖွဲဖွဲ ရထား။ ရ ထားပြီးသမျှကို စွန့်​လွှတ်​ဖို့ ဆိုတာ အစိပ်​စိပ်​ကွဲကွာ​ ဖျားနာနေပြီးတဲ့ စိတ်​မျိုးနဲ့မှ ဖြစ်​မယ်​လို့ တစ်​​ယောက်​​ယောက်​က ​ တိုက်​​နေတဲ့ ​လေလို အသံမျိုးနဲ့ ​အေး​အေးညင်းညင်း ​ပြော​နေတယ်​။ ဒါ​ပေမဲ့ ငါ့ကို နာကျင်​မှုပဲ​ပေးပါ၊ ရှိနှင့်​ပြီး ဆိုရင်​လည်း အနည်းဆုံး​တော့ သူတို့ ​ပေါင်းစပ်​ရတာ​ပေါ့။ ငါတို့ရဲ့ လက်​နှစ်​ဖက်​ကို ချိတ်​ဆက်​မပျက်​ တွဲလျက်​ထား၊ ကျန်​တဲ့ ခန္ဓာကိုယ်​ အစိတ်​အပိုင်း​တွေကို လက်​​ကောက်​ဝတ်​က ဖြတ်​​တောက်​ထုတ်​ရင်း အဲဒီက ထွက်​သွားလိုက်​​တော့။ မင်းသတင်း​ပေးပို့တဲ့ ညအနက်​ကြယ်​​တွေကို ငါ့ ကမ္ဘာက ​စောင့်​ကြပ်​​နေမယ့်​ အလင်းနှစ်​​တွေလို ရူးနှမ်းမှုမျိုးနဲ့ သက်​ဆိုး ရှည်​​ဖို့ အား​မွေး​နေတဲ့ စွန်းထင်းစိတ်​ကို ငါ တသိမ့်​သိမ့်​ ​ပွေ့ပိုက်​ထားမှာ​ပေါ့။ မင်း​အိပ်​​ပျော်​​နေချိန်​ ​ခြေရင်းမှာ လာရပ်​​ငေး​နေမယ့်​ မင်းမကြားနိုင်​တဲ့ စကားသံလိုလို အရာတစ်​ခုက အခု လူ့အ​ယောင်​​ဆောင်​ရင်း ဒီ အ​​တွေး​တွေကို ​တွေး​နေခဲ့တာ။ ငါ​ကြောက်​​နေသမျှအရာမှန်​သမျှနဲ့ ဖက်​လှဲတကင်း ရင်းနှီး​ရင်း​ပေါ့ ငါ ကြီးကျယ်​ခမ်းနား​သော အပျက်​အယွင်းများကြားက အရိပ်​လိုလို အ​ရောင်​ပါ ဒါဟာ ။ မသိတဲ့ လူ​တွေ အ​ဆောက်​အအုံတွေ ကြား မင်းလည်း အမှုန်​အမွှားအဖြစ်​ လွင့်​လွတ်​သွား​တော့မှာ၊ မဟုတ်​လား။ တခြား​​သော အပြိုင် စကြဝဠာ​တွေမှာ တခြား​သော ငါတို့​​တွေ အလားတူ ဖြစ်​တည်​​နေမှာလား၊ ​ပေးဖြစ်​မယ် ​ မဟုတ်​မှန်းသိသိ ​ရေးမိတဲ့ စာ​တွေနဲ့ အတူ သူလိုကိုယ်​လို ​သံလမ်းအချိုးအဆက်​​ အေးစက်​​တွေဟာ နှစ်​ကာလ​တွေ အဆက်​ဆက်​လား၊ ​တက်​လာတဲ့ ရေပွက်​​တွေမှာ ​​​​အဖျား​​ငွေ့​ဟာ အဆက်​မပြတ်​ပဲ။ ။

ဏေသစ်



(ကဗျာ​ခေါင်းစဉ်​ကို ကိုဇာတိ က ​ပေးပါတယ်​ )

-----------------------------------------------------------------------------------------------



စစ်​နဲ့ ငြိမ်းချမ်း​ရေး

အခု​ရောက်​​နေတာ မနက်​​ငါးနာရီ ​လေးဆယ့်​ငါးမိနစ်​နဲ့
တကယ်​မရှိခြင်းကြားက အမှတ်​စက်​တစ်​ခုပဲ
ပိုင်​နက်​​သတ်​မှတ်​ချက်​တွေကို ငါတို့ လိုအပ်​သလိုမျိုး
အ​ကြောင်းပြချက်​တွေက ငါတို့ကို ​လိုအပ်​တယ်
ဆက်​သွယ်​​မှုမှန်​သမျှ အဖြူ ၊ ဒါမှ မဟုတ်​ရင်
အ​ရောင်​မရှိဖို့ လိုတာမျိုး ၊ ​သေစာနဲ့ ရှင်​စာကို
ဖတ်​သူ​က ခွဲခြားတယ်

ခေါင်းပြတ်​သွားတဲ့ လူရဲ့ လည်​ပင်းက
လက်​တစ်​ဖက်​​ပေါက်​လာပြီး
လက်​ဟန်​​ခြေဟန်​နဲ့ မြို့ကို စကား​ပြောတယ်
လက်​ဟာ ဘာကိုမှ ကိုယ်​စားမပြုဘူး
လက်​ထဲက​နေ ထပ်​ လွှတ်​ချခံ​နေရတာက
နောက်​ထပ်​ လက်​​တွေ

ပုံရိပ်​တစ်​ခုချင်းစီမှာ
ပိုမိုထင်​ရှားလာတဲ့ အမှတ်​အသားက​တော့
အပြုံးပဲ ၊ ဝမ်းနည်းလာတဲ့ အခါ လုပ်​ရမှာကလည်း
ဘဝရဲ့ ​ကွေး​ကောက်​နိုင်​စွမ်းကို ​မေးခွန်းထုတ်​ဖို့ပဲ
ကိုယ့်​ကို နာမဝိ​သေသန တစ်​ခုခုနဲ့
တွဲသိလာ​စေဖို့ အားထုတ်​​နေမှုမျိုး ၊ 
နောက်​ဆုံးတစ်​​ခေါက်​ လူမှားနှုတ်​ဆက်​ခံရတဲ့
အချိန်​ကာလ ၊ ဆုတံဆိပ်​​တွေမှာ
ရောင်​ပြန်​ဟပ်​လာတဲ့ ကိုယ့်​ပုံရိပ်​ဟာ
တစ်​ခုခုကို ​ကြိုတင်​ကြေကွဲ​နေခဲ့သလို
ထင်​​​ယောင်​မှတ်​မှားမှု

လက်​​တွေဟာ ပိုမိုရှည်​လျားဆန့်​တန်းလာပြီး
နေကို ဝိုင်းဆုတ်​ဖြဲ စားသုံးလိုက်​ကြတယ်
ဒါဟာလည်း လိုအပ်​ချက်​တစ်​ခုပဲ
ပိုမိုကြီးမြတ်​တဲ့ အရာတိုင်းက
ဒီ​နေ့နဲ့ မ​နေ့ကကို ကွဲပြား​စေတာချည်းပဲ ။ ။

- ​ဏေသစ်

(​ခေါင်းစဉ်​ကို ပိုးတုံးလုံး က ​ပေးပါတယ်​)
 


 


 

No comments:

Post a Comment