ကလေးမလေးက ကတ်ထူဘူးကို ဆွဲ အဖွင့် ၊
ဘူးထဲက လူဦးခေါင်းပြတ်တွေ မိုးပျံပူဖောင်းတွေလို အစီအရီ ပျံတက်လာ။
ခေါင်းတိုင်းမှာ ပြုံးနေတဲ့ မျက်နှာနဲ့။
ခေါင်းနဲ့ ဘူး ခွံကို ချိတ်ဆက်ထားတဲ့ ကြိုးတွေမှာ အနီရောင်ဟာ ဆွေးထင်းနေ ။ ။
ဘူးထဲက လူဦးခေါင်းပြတ်တွေ မိုးပျံပူဖောင်းတွေလို အစီအရီ ပျံတက်လာ။
ခေါင်းတိုင်းမှာ ပြုံးနေတဲ့ မျက်နှာနဲ့။
ခေါင်းနဲ့ ဘူး ခွံကို ချိတ်ဆက်ထားတဲ့ ကြိုးတွေမှာ အနီရောင်ဟာ ဆွေးထင်းနေ ။ ။
(၂) မျက်လုံး
အကြွေစေ့ဂိမ်းစက် (coin dozer) လို စက်မျိုး ရှိပြီး အဲဒီစက် ထဲမှာ မျက်လုံးတွေ ရှိနေ။
စက်ရှေ့မှာ လူတစ်ယောက်
သူ့ရဲ့ နောက်ဆုံးကျန်တဲ့
မျက်လုံးတစ်ဖက်ကို ဖြုတ်ပြီး ညာဘက်လက် လက်ချောင်းတွေ ထိပ်နဲ့
ကိုင်ထားပြီး မျက်လုံးတွေ ထည့်တဲ့ ဂိမ်းစက်အပေါက်ထဲ
ထည့်တော့မယ့် ပုံနဲ့။ သူ့ မျက်လုံး ဟောက်ပက်တွေနေရာမှာ သွေးတွေ
တစက်စက်နဲ့။ ။
(၃) မျက်နှာ
"မျက်နှာတင်ပဲလား " လို့ ဝင်ဖောက်တဲ့ အာကာထူးရဲ့ အမေးကို ရဲတေဇကျော်က မကြားချင်ယောင်ဆောင်ပြီး ဆက်ပြောတယ်။
" အဲဒီအချိန်မှာကွာ ... ငါ့မှာ မျက်စိနဲ့ မြင်နိုင်တယ်ဆိုတဲ့ အသိတရားကို
လုံးဝ ပျောက်နေတာ ဟေ့ကောင်တွေရေ ... ငါ့ လက်တွေကပဲ အာရုံခံကိရိယာကြီးလို
ဖြစ်ပြီး အဲဒီ မျက်နှာတွေကို လက်နဲ့ လိုက်စမ်းနေမိတာ။ အမှောင်ထဲမှာ
စမ်းတဝါးဝါး စမ်းနေရသလိုပဲ ... ဒါပေမယ့် မှောင်နေတာ ဟုတ်မဟုတ်လည်း ငါ
မသိဘူး ။ ငါ့မှာ ... ဆောရီး ... ငါ့မှာ လို့ ပြောရင်တောင် မပြည့်စုံသေးဘူး
... လောကကြီးထဲမှာ ... အမြင်အာရုံတွေ တည်ရှိနေတယ်ဆိုတာကို ငါ
လုံးဝမသိနေဘူး။ လက်နဲ့ပဲ ... "
အောင်ကိုသန့်က " အဲဒါနဲ့ ... " လို့
စကားဝင်ထောက်ပေးတော့ ရဲတေဇကျော်လည်း စဉ်းစားသလို ခဏတဖြုတ်နားရင်း
ဆက်ပြောတယ်။ " ပထမဆုံး စမ်းမိတဲ့ မျက်နှာသုံးလေးခုက သာမန်ပဲကွာ ။ နဖူးတွေ၊
ဆံပင်စတွေ၊ နှာခေါင်းတွေနဲ့ ။အသက်ရှူနေတယ် ၊ အသက်ရှိနေကြတယ်"
"ယောက်ျားတွေလား၊ မိန်းမတွေလား " လို့ အာကာထူးက ထပ်မေးတော့ ဒီတစ်ခါမှာ ရဲတေဇကျော်က ပြန်ဖြေတယ်။
" အဲဒါတော့ အဲဒီအိပ်မက်ထဲမှာ ငါလည်း သတိမထားမိဘူး။ ဘယ်မျက်နှာကိုမှ အထီးအမ
မခွဲတတ်ခဲ့တာ။ ဒါနဲ့ကွာ ... စမ်းရင်း စမ်းရင်း သုံးလေးခု ကျော်လာရော...
အင်း .. အဲဒီ စမ်းမိတဲ့ မျက်နှာက ကြောက်စရာကြီးကွာ။ အခု
ပြန်စဉ်းစားရင်တောင် ကြောက်နေမိတုန်းပဲ"
"ဘာလို့တုန်း ... ရုပ်အရမ်းဆိုးနေလို့လား " စကားနည်းတဲ့ အောင်ဦးက ဝင်မေးတယ်။
" မဟုတ်ဘူးကွ ... အဲဒီလိုတော့ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်လို ပြောရမလဲကွာ။
လက်နဲ့ စမ်းမိနေရင်းမှာ သူ ငါ့ကို တော်တော်မုန်းတီးနေတယ်ဆိုတာ ငါ့ လက်တွေက
အလိုလို ခံစားမိလာတယ်။ ငါ့ကို ခါးခါးသီးသီး ပြင်းပြင်းထန်ထန် မုန်းနေတဲ့
သူ့ရဲ့စိတ်က လက်ဖဝါးကို ဖြတ်သန်းပြီး ငါ့ကိုယ်ထဲကို ဝင်လာနေသလိုပဲ။ ငါ
တစိမ့်စိမ့်ကြောက်လာတယ်။ အမှားအကြီးကြီးတစ်ခုကို လုပ်နေမိသလို ခံစားလာရတယ်။
ဘာလို့လဲ မသိဘူး ငါ အရမ်းကြောက်လာတယ်။ အဲဒီမှာတင် အိပ်မက်က
လန့်နိုးတာပဲကွာ။ ဒီအတိုင်းပြောလို့သာ ဘာမှ မဖြစ်သလို ထင်ရတာ။ ငါ့မှာ အခုထိ
ကြောက်တဲ့ စိတ်က ဝင်နေတုန်း "
စကားဆက်မပြောဖြစ်ကြဘဲ သူတို့
အချိန်နည်းနည်းကြာအောင် ငြိမ်သက်သွားကြတယ်။ မုန်းတီးမှုကို ထိ
စမ်းလို့ ရမယ်ဆိုရင် ဘယ်လိုပုံ ဖြစ်နေမယ်ဆိုတာ တစ်ယောက်ရဲ့
အတွေးနဲ့ တခြားတစ်ယောက်အတွေးတော့ ဘယ် ထပ်တူ ကျ နိုင်ပါ့မလဲလေ။ ။
(၄) လက်
ဒီ အခြေအနေကို ကြုံဖူးတဲ့သူတိုင်း ဒါ အိပ်မက်ဆိုးတစ်ခု ဖြစ်ရင်
ကောင်းမှာပဲ လို့ တွေးလိမ့်မယ်ထင်တယ်။ ဘတ်စ်ကားပေါ် မှာ
ထိုင်နေရင်းနဲ့ ပထမဆုံး သတိထားမိတာက ကား ရေဒီယိုက ဖွင့်ထားတဲ့
အသံတွေပဲ။ စကားပြောသံ၊ အစီအစဉ် ကြေငြာသံ၊ အင်တာဗျူး အမေးအဖြေသံ၊
သီချင်းသံ ၊ သတင်းကြေငြာသံ ၊ ကြော်ငြာ အစီစဉ် အသံ၊ မိုးလေဝသ
အစီအစဉ်ကြေငြာ သံ .... ဘာ တစ်ခုမှ မဟုတ်ဘူး။
ရေဒီယိုက လာနေတာ ချောင်းဆိုးသံတွေ ။
ချောင်းဆိုးသံတောင်မှ လူတစ်ယောက်တည်းရဲ့ ချောင်းဆိုးသံ
မဟုတ်ဘူး။ လူအများကြီးရဲ့ အနေအထားအမျိးမျိုးနဲ့ ဆိုးတဲ့
ချောင်းဆိုးသံတွေ။ အသံတိတ်ကြိတ်ဆိုးနေရတဲ့ ချောင်းဆိုးသံတွေက စ
ပြီး ချောင်းဆိုးသံ ကြောင့် အသက်ပါ ပါသွားတော့မလား ဆိုတာအထိ
တွေးမိလောက်တဲ့ ချောင်းဆိုးသံတွေဟာ ကားစပီကာတွေကနေ တစ်လှည့်စီ
ထွက်နေတယ်။
ဘေးဘီလှည့်ကြည့်လို့ ဘယ်သူမှ မရှိတာကို
တွေ့ရတဲ့ အခါ ကားမောင်းသူဆီ ထ သွားဖို့ ပြင်တော့တယ်။ မတ်တပ်
ထရပ်လိုက်တဲ့ အခါမှာတော့ ခြေထောက်ကို တစ်ခုခုက
လှမ်းရစ်ပတ်လိုက်သလို ခံစားရတဲ့ အတွက် ပြန်လှည့်ကြည့်လိုက်တော့
လက်တွေ ဖြစ်နေတယ်။ ပိုင်ရှင်မပါတဲ့ လက် နှစ်ဖက်က သူ့
ခြေထောက်ကို အေးစက်စက်နဲ့ ဖမ်းဆွဲထားတယ်။ ထိုင်ခုံနေရာဆီ
ပြန်ကြည့်မိတော့ ထိုင်ခုံတစ်ခုလုံးဟာ လက်တွေနဲ့ပဲ ဖွဲ့စည်းထားတာ
ဖြစ်နေတယ်။ လက်တွေက အကုန် ဖြူဖျော့ပြီး အေးစက်နေတယ်။
လက်တွေဆီက လက်ချောင်းတွေဟာ မြွေတွေရဲ့ လျှာနှစ်ခွလို
တွန့်လိမ်ပြီး သူ့ကို ပြန်ထိုင်ဖို့ ဆွဲဆောင်နေတယ်။ လက်တွေဟာ
တံထောင်ဆစ်လောက် အရှည်နဲ့ ဆန့်ထွက်လာပြီး လူကို
သိမ်းပိုက်ထားနိုင်ဖို့ ကြိုးစားလာကြတယ်။
တစ်ယောက်ယောက်က
သူ့ကို ပြောခဲ့ဖူးတဲ့ စကားအရတော့ " တကယ်လို့ သည်းမခံနိုင်တော့တဲ့
တစ်ချိန်ကျရင် " I quit " လို့ တစ်ခွန်းထဲ ပြောလိုက်ရုံပဲတဲ့။
ဘယ်အချိန်မျိုးအတွက်မဆို အသုံးတည့်တယ်" လို့ ပြောတယ်။ "
ဘယ်အချိန်ပဲ ဖြစ်ဖြစ် ရတယ် " လို့ သူ ပြောသွားတုန်းက
မျက်လုံးချင်း အသေအချာ ဆုံ ကြည့်ပြီး ပြောခဲ့တာပဲ။ အခု
အနေအထားအတွက်ပါ အကျုံးဝင်နိုင်မလား။ ဒါပေမဲ့ အဲဒီလောက်
လွယ်ကူဖို့ကရော ဖြစ်နိုင်ပါ့မလား၊ ပြီးတော့ ဖြစ်သင့်ပါမလား။
လက်တွေက ပိုပြီး ချည်နှောင်လာ ဆွဲယူလာနေတယ်။ ဇာတ်ကောင်ရဲ့
မွန်းကြပ်မိန်းမောမှုတွေကို ပြောမယ့် အစား သူ့ရဲ့ ထွက်သွားဖို့
မရွေးချယ်ခဲ့ခြင်းကို ပို အလေးပေးသင့်တယ်။ ဒါပေမဲ ဇာတ်ကောင်
ထိုင်ခုံမှာ ထိုင်လို်က်တာနဲ့ လက်တွေ ဟာ ....
ဇာတ်ကောင်
ပြုံးနေခဲ့တယ်။ တစ်ချိန်ကျရင် သူ့လက်တွေလည်း ဒီလို ကိစ္စမှာ
ပါဝင်ပြီး တခြားတယောက်ယောက်ကို သူ့လက်တွေနဲ့
ဝါးမျိုဖြိုခွဲပစ်မယ့် ပုံစံ အသေးစိတ်ကို
မြင်ယောင်ကြည့်နေရင်းနဲ့ပေါ့။
- ဏေသစ်
No comments:
Post a Comment