Friday, January 19, 2018

ဂူအယ်လ်တာ


  အသက် သုံးဆယ်မတိုင်ခင်ထိတော့ ကျုပ်လည်း အေးအေးလူလူ၊ ဖြောင့်ဖြောင့်မှန်မှန်နဲ့ နေခဲ့တာပဲ။ ကျုပ်ရဲ့ အတ္ထုပတ္တိကိုက အဲဒီလိုပဲ လို့တောင် ဆိုရမယ်။ ပြီးတော့ ကြီးကောင်ဝင်စအရွယ်တုန်းက စာအုပ်တွေမှာ ဖတ်ခဲ့ဖူးပေမယ့် အခု မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ ဇာတ်ကောင်တွေ ကျုပ်ဘဝမှာ ပြန်ပေါ်လာတယ်ဆိုတာမျိုးလည်း မကြုံဖူးဘူး။ ကုန်ကုန်ပြောရရင်ဗျာ .. တခြားသူတွေ ဘဝမှာဆိုရင်တောင် ဒီဇာတ်ကောင်တွေ ပြန်ပေါ်လာတာ မကြုံဖူးဘူး။ ကြားတော့ ကြားဖူးတာပေါ့လေ၊ လူငယ်ဘဝတုန်းက ကိုယ်နဲ့ နာမည်တူ တစ်ယောက်ယောက်နဲ့ ကြုံလာတဲ့ အခါမျိုးမှာ ဖြစ်တည်မှုဆိုင်ရာ အကျပ်အတည်းကို ခဏလောက်တော့ ခံစားရတဲ့အကြောင်း (ဥပမာ - ကျုပ်သူငယ်ချင်း  ရာဖာဇာဇာ ဆိုရင် သူ့ကို တခြား ရာဖာဇာဇာတစ်ယောက်နဲ့ မိတ်ဆက်ပေးခံရတုန်းက သူ့ရဲ့ ဖြစ်တည်နေမှုကို သံသယဝင်ခဲ့မိတယ် ဆိုပဲ) ။ ဒါပေမယ့် ကျုပ် ကိုယ်ကျုပ်တော့ ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ ဝီလျံဝယ်လ်ဆင် ၊ ဒါမှ မဟုတ် ဒရာမာ အချိုးအကွေ့မပါတဲ့ ဒိုရီယံဂရေး ပုံတူ တစ်ယောက် ဖြစ်လာမယ်လို့ မထင်ထားဘူး ။ သူ့ရဲ့ ဟိုက်ဒ်က နောက်ထပ် ဂျက်ကေးလ်တစ်ယောက် ပြန်ဖြစ်နေတဲ့ ဒေါက်တာဂျက်ကေးလ်အဖြစ် အသွင်ပြောင်းသွားမယ် လို့လည်း မထင်ထားဘူးလေ။

  သင်းနာမည်က ဇေဗီယာ ဂူအယ်လ်တာတဲ့ ၊ ကတ်တလန်နယ်သား ဖြစ်မှန်း နာမည်ကြည့်တာနဲ့ သိသာပါတယ်။ ကျုပ်နဲ့ ကုမ္ပဏီတစ်ခုတည်းပေမယ့်  သင်းက ဘာစီလိုနာမှာ အလုပ်လုပ်တာ။ သင်း (အဓိက) တာဝန်ယူလုပ်ကိုင်နေရတဲ့ ရာထူးကလည်း   ဒီဘက် မတ်ဒရစ်က ရုံးမှာ ကျုပ် တာဝန်ယူထားရတဲ့ ရာထူးနဲ့ ခပ်ဆင်ဆင်ရယ်။ ကျုပ်တို့ ဆုံဖြစ်ကြတော့ မတ်ဒရစ်မှာပဲ ၊ လုပ်ငန်းကိစ္စရော အချင်းချင်း ရင်းနှီးစည်းလုံးလာဖို့အတွက်ရော ရည်ရွယ်စီစဉ်ထားတဲ့ ညစာစားပွဲတစ်ခုမှာ၊ သူကလည်း သူ့ဇနီးနဲ့ ကျုပ်ကလည်း ကျုပ်ဇနီးနဲ့ တူတူ ပွဲတက်လာတာပေါ့။ ခပ်ဆင်ဆင် ဖြစ်နေတာဆိုလို့ ကျုပ်တို့ရဲ့ ရှေ့နာမည်တွေပဲ ရှိတာ ( ကျုပ်နာမည်က ယေဗီယာ ဆန်တင်း) ၊ ကျန်တဲ့ ကိစ္စတွေအားလုံးမှာတော့ သင်းနဲ့ ကျုပ်နဲ့က ထပ်တူကို ကျနေတော့တာဗျို့။ စားပွဲထိုးချုပ်က သင်းကို နံရံထောင့်နားက ကျုပ်တို့ဝိုင်းဆီ ခေါ်လာတော့ သူ ကျုပ်ကို ပထမဆုံး စ မြင်ဖူးအောင် တည်ပေးလိုက်သလို ဖြစ်သွားတယ်။ 

  အဲဒီတုန်းက ဂူအယ်လ်တာရဲ့ မျက်နှာပေါ်မှာ ဖြစ်နေတဲ့ စိတ်ရှုပ်ထွေးနေတဲ့ ပုံစံကို ကျုပ် ကောင်းကောင်းကြီး မှတ်မိသေးတယ် (ကျုပ်မျက်နှာလည်း ဒီလို ဖြစ်နေမှာ အသေအချာပဲကိုး) ။ ကျုပ်နဲ့ သူက ရုပ်ရှင်ရုံထဲက အမွှာတွေလို ရုပ်ချင်း ချွတ်စွပ်တူနေတာ၊ ဒါတင် မကသေးဘူး ၊ တပြိုင်တည်းမှာ လုပ်မိတဲ့ အမူအရာတွေကလည်း အတူတူပဲ၊  ပြောမိတဲ့ စကားလုံးတွေကလည်း အတူတူပဲ (ဆိုရိုးရှိတယ်လေ “တစ်ယောက်ပြောမယ့်စကားကို တခြားတစ်ယောက်က လု ပြီး ဦးအောင် ပြောပစ်တယ် “ဆိုတာ ၊ အဲဒီအတိုင်းပါဗျာ ) ၊ ပြီးတော့  (ရိုင်းန်) ဝိုင်ပုလင်းဆီ ၊ ဒါမှမဟုတ် ရေသန့်ပုလင်းဆီ လက်လှမ်းမိတာလည်း (ထပ်) တူနေသေးတယ်၊ ကိုယ့်နဖူးပေါ် ကိုယ် လက်တင်မိတာ ၊ သကြားဇွန်း၊ ပေါင်မုန့် ၊ ဖွန်းဂျူးဟင်းပန်းကန်အောက်ထဲ ကျနေတဲ့ ခက်ရင်း ဆီ လက်လှမ်းမိတာတွေလည်း ဆက်တိုက် လာတူနေတယ်၊ တပြိုင်တည်းမှ တပြိုင်တည်းပဲ ။ မတိုက်မိရုံ တမယ်ရယ် ။ ကျုပ်တို့ရဲ့ ခေါင်းတွေဆိုတာ အပြင်ဘက်ရုပ်ချင်း တူနေသလိုပဲ ၊ စိတ်တွေကလည်း အတွေးတွေ လာတူနေတယ် ထင်ပါ့။ မှန်နဲ့ လုပ်ထားတဲ့ လူအသားတုံးကြီးနဲ့ မျက်နှာချင်းဆိုင်ညစာစားနေရတဲ့ အတိုင်းပါပဲ။

 မေးခွန်းတွေသိပ်မမေးမိအောင် ထိန်းထားဖြစ်ပေမယ့် ကိစ္စအဝဝနဲ့ ပတ်သက်လို့ ကျုပ်တို့ တသဘောတည်း ဖြစ်နေခဲ့တယ်ဆိုတာ ပြောစရာကို မလိုဘူး၊ ကျုပ် စိတ်ထဲ ရွံရှာမုန်းတီးနေမှုတွေ၊ ကဗြောင်းကဗြန် ခံစားမိနေတာတွေ၊ ကျုပ်တို့ရဲ့ လုပ်ငန်းခွင်ဘဝ၊ ပုဂ္ဂလိက ဘဝတွေ အားလုံးက အပြိုင်ကို တည်ရှိနေတာ ။ ဒီလို ထူးထူးဆန်းဆန်း တူနေတာကြီးကို ကျုပ်တို့ မိန်းမတွေရော ၊ ကျုပ်တို့ရော သတိထားမိ၊ မှတ်ချက်ပေးမိတာပေါ့  (“ထူးထူးဆန်းဆန်းပဲ နော် “လို့ သူတို့က ပြောတယ်၊ ကျုပ်တို့ က ပြန်ပြောတယ်  “ဟုတ်တယ် ၊ ထူးထူးဆန်းဆန်းပဲ “)  ။ ဒါပေမယ့် ဒီလို ကနဦးအစ ကျုပ်တို့ လေးယောက်သား အူတိအူကြောင် အံ့အားသင့်နေရာကနေ ကျုပ်တို့ကို ညစာကျွေးထားတဲ့ ကုမ္ပဏီရဲ့ ကောင်းရာကောင်းကြောင်းအတွက် စဉ်းစားဖို့ လိုတယ်ဆိုတာ သတိပြန်ဝင်လာတယ်။ သိသာနေတဲ့ အချက်ကြီးကို လျစ်လျူရှုလိုက်ကြပြီး သဘာဝကျကျနေထိုင်ပြောဆိုနေတဲ့ ပုံစံမျိုးပေါက်အောင် အတတ်နိုင်ဆုံး ကြိုးစားလာကြတယ်။ ရင်းနှီးခင်မင်လာအောင် ပြောဆိုတာထက်စာရင် လုပ်ငန်းအကြောင်းပေါ် ကျုပ်တို့ ပို အာရုံစိုက်ကြ၊ ဦးတည်ပြောဆိုကြတယ်။ ကျုပ်တို့မှာ မတူတာ ဆိုလို့ ကျုပ်တို့ မိန်းမတွေပဲ ရှိတယ် (ဒါပေမယ့် သူတို့ဆိုတာလည်း ကျုပ်တို့ရဲ့ တစိတ်တပိုင်းအဖြစ် တည်ရှိနေတာမှ မဟုတ်တာလေ ၊ ပြောရရင် ကျုပ်တို့ကလည်း သူတို့ရဲ့ တစိတ်တပိုင်းမှ မဟုတ်ပဲ ၊ အဲသလိုပဲပေါ့ ) ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်မိန်းမက “လှပေ့၊ ချောပေ့” ဆိုတဲ့ ရုပ်မျိုး။ သင်းမိန်းမကတော့ ပေါ်လွင်ထင်ရှားတဲ့ ရုပ်ရည်မျိုးတော့ ရှိပါရဲ့၊ ဒါပေမယ့် သူ့ရဲ့ ဂုဏ်သရေရှိ လင်ယောက်ျားရဲ့ အသရေနဲ့  ခဏတာ ထည်ဝါခမ်းနားနေတာက လွဲရင် ဘာမှ စိတ်ဝင်စားစရာ မရှိလှဘူး။ 

  လာတူနေတဲ့ အချက်က အဆိုးရွားဆုံး အချက်တော့ မဟုတ်ဘူး (တခြားသူတွေလည်း ဒီလို တူနေပေမယ့် အဆင်ပြေပြေနေသွားနိုင်ကြတာပဲ မဟုတ်လား) ။ အဲဒီမတိုင်ခင် ကျုပ်ကိုယ် ကျုပ် မမြင်ဖူးဘူးလေဗျာ ။  ပြောချင်တာက ဓာတ်ပုံထဲမှာဆိုလည်း ကျုပ်တို့က မလှုပ်မယှက်ဖြစ်နေမှာပဲ ၊  မှန်ထဲမှာဆိုလည်း တခြားတစ်နည်းနဲ့ မြင်ရတာပဲ ( ဆိုပါတော့၊ ကျုပ်က ကယ်ရီဂရန့် လိုမျိုး ဆံပင်ကို ညာဘက်မှာခွဲထားမယ်ဆိုရင် မှန်ထဲမှာ ကျုပ်က ကလာ့ခ်ဂေဘယ်လိုမျိုး ဆံပင်ကို ဘယ်ဘက်မှာ ခွဲထားတဲ့ သူတစ်ယောက် ဖြစ်နေမှာ) ။ ပြီးတော့ ကျုပ်က နာမည်လည်း မကြီး ၊ ဗီဒီယို ကင်မရာတွေကိုလည်း သိပ် စိတ်မဝင်စားတော့ကာ ကျုပ်ကိုယ် ကျုပ်လည်း တီဗီတွေ၊ ဗီဒီယိုတွေထဲမှာ မမြင်ဖူးဘူးလေ။ ဒါကြောင့် ဂူအယ်လ်တာ့ဆီမှာ ကျုပ်ကိုယ်ကျုပ် ပထမဆုံး စ မြင်ဖူး မိတယ်ဆိုရမှာ ။ ကျုပ်စကားပြောဆိုနေတာတွေ၊ လှုပ်ရှားနေတာတွေ၊ လက်ဟန်ခြေဟန်တွေနဲ့ ပြောနေတာတွေ၊ စကားအဖြတ်အတောက်တွေ ၊ ရယ်တာတွေကို ဒီဘက်ကနေ မြင်နေရတာဗျာ ၊ ကျုပ် ပါးစပ်ကို ကျုပ် ပဝါနဲ့ သုတ်လိုက်တာတွေ ၊ နှာခေါင်းကို ကုတ်လိုက်တာတွေ အားလုံးကို ပြန်မြင်နေရတာ။ ကျုပ်ကိုယ် ကျုပ် ပြင်ပအရာဝတ္ထုတစ်ခုလို ခံစားနေရတာ ဒါ ပထမဦးဆုံး အတွေ့အကြုံပဲ။ နာမည်ကျော်ပုဂ္ဂိုလ်တွေ၊ ဗီဒီယိုကင်မရာတွေနဲ့ ယဉ်ပါးရင်းနှီးသူတွေကတော့ ဒါမျိုးကို သဘောကျမပေါ့လေ။ 

ကျုပ်ကတော့ ကျုပ်ကိုယ် ကျုပ် မုန်းတယ်။ ဒါကြောင့်မို့ ကျုပ်နဲ့ တထပ်တည်း လာတူနေတဲ့ ဂူအယ်လ်တာကိုလည်း မုန်းတယ်။ ကျုပ်အတွက် အဲဒီ ကလိမ်ကကျစ် ကတ်တလန်ကောင်က ချစ်ခင်စရာ တစ်ကွက်မှကို မရှိတဲ့အပြင် (နောက် အိမ်ပြန်ရောက်တဲ့ အခါ ကျုပ်ရဲ့ ဇနီးချောကတော့ ပြောပါသေးတယ်၊ အဲဒီကောင်က ဆွဲဆောင်မှု ရှိတယ်ဆိုပဲ ၊ ဒါ ကျုပ်ကို မြှောက်ပင့်ချင်လို့ ဒီစကားမျိုးပြောတာလို့ ကျုပ် တွေးမိတယ်) သင်းက သင်းကို အများလေးစားချင်လာအောင် လုပ်ယူထားတဲ့ ကြွားကြွားကြွကြွ ပုံနဲ့ ၊ သင်းအမြင်တွေကိုလည်း ရှေ့တန်းတင်ပြောဆိုလို့၊ ယဉ်ကျေးသူကြီးအမူအရာအပြည့် ၊ ချစ်ခင်စရာဟိတ်ဟန်အပြည့်နဲ့ (ချစ်ခင်စရာကောင်းအောင် ကြော်ငြာဆန်ဆန်လုပ်ယူထားတာကို ကျုပ်ပြောချင်တာ) ၊ လက်ျာယိမ်းနိုင်ငံရေး အယူအဆကို ပေါ်ပေါ်တင်တင်ထောက်ခံလို့ (ကျုပ်တို့ မဲပေးခဲ့တဲ့ ပါတီချင်းတူတာလည်း အသေအချာပေါ့လေ) ၊ သင်း စကားလုံး အသုံးအနှုန်းရွေးချယ်မှုကလည်း ဟန်ဆောင်မှုတွေ အပြည့်နဲ့ ၊ လုပ်ငန်းပိုင်းကိစ္စတွေမှာ ဆိုလည်း မရိုးမသားပုံစံနဲ့ ။ ကျုပ်တို့မြို့တွေက ရှေးရိုးစွဲအဆန်ဆုံး ဘောလုံးအသင်းတွေကို လူသိရှင်ကြား အားပေးကြတဲ့ နေရာမှာလည်း သင်းနဲ့ ကျုပ်လာ တူနေသေးတယ်။ သင်းက အက်စပန်ညို ၊ ကျုပ်က အက်သလက်တီကို ပရိသတ်။ ကျုပ်ကိုယ် ကျုပ် ဂူအယ်လ်တာ့ဆီမှာ ပြန်မြင်ရတယ်၊ ပြီးတော့ ပြန်မြင်နေရတဲ့ ပုံစံကလည်း ဘာကို မဆို လုပ်မယ့်၊ တွန်းကန်ဆန့်ကျင်ဓာတ်အပြည့်နဲ့ ၊ ရန်အန္တရာယ် ပြုတော့မယ့် အလားအလာအပြည့်နဲ့ လူသားတစ်ယောက်အဖြစ်  မြင်နေရတာလေ။ 

  အဲဒီညက စ လို့ ကျုပ် စ ပြောင်းလဲ တော့တာပဲ ၊ ဘာရည်ရွယ်ချက်နဲ့ ဒီလို ပြောင်းလဲလာသလဲဆိုတာ ကျုပ်မိန်းမကိုတောင် အသိမပေးဘူး။ ဘာစီလိုနာမှာ ကျုပ် မုန်းတီးရွံရှာပါတယ်ဆိုတဲ့ ကျုပ်နဲ့ တထပ်တည်း တူနေတဲ့ လူရှိနေတယ်ဆိုတာ ကျုပ် သိထားရုံတင်မကဘူး၊ အဲဒီလူက ဘဝအစိတ်အပိုင်းတစ်ခုချင်းစီ ၊ တစ်နေ့တာရဲ့ အချိန်တစ်ခုချင်းစီမှာ ကျုပ်တွေးသလို လိုက်တွေးနေမှာ ၊ ကျုပ်ပြောသမျှ လိုက်ပြောနေမှာကို  ကျုပ် စိတ်ပူတယ်။ ကျုပ်တို့ ရုံးချိန်ချင်းတူနေတာ၊ သားသမီးမရှိဘဲ သူ့မိန်းမနဲ့ နှစ်ယောက်တည်း အတူနေတာကို ကျုပ် သိထားတယ်လေ။  သင်းက ကျုပ်ဘဝနဲ့ နေထိုင်နေတာ ၊ ဒါကို ဘယ်လိုမှ ရပ်တန်းက ရပ်အောင်လုပ်လို့ မရနိုင်ဘူး။ ကျုပ်တွေးမိရဲ့ “ ကျုပ်လှမ်းသမျှ ခြေလှမ်းတွေ၊ ကျုပ်ပြောသမျှ စကားလုံးတွေ၊  ကျုပ် ရေးချသမျှ အက္ခရာတွေ၊  ကျုပ်တွေးသမျှ အတွေးတွေ၊ ကျုပ်မိန်းမကို နမ်းသမျှ အနမ်းတွေကို သင်းက လှမ်းနေ၊ ပြောနေ၊ ရေးနေ၊ တွေးနေ၊ သူ့မိန်းမကို သူနမ်းနေမှာ ။ ဒီတိုင်း ဆက်ဖြစ်နေလို့တော့ မရတော့ဘူးလေ” 

  အဲဒီ ကံမကောင်းလှတဲ့ တွေ့ဆုံမှုကြီးအပြီး နောက်ထပ်လေးလလောက်အကြာမှာ ကျုပ်တို့ ပြန်တွေ့ကြဦးမယ်ဆိုတာ ကျုပ်သိတယ်၊  အမေရိကန် အခြေစိုက်ပေမယ့် စပိန်မှာ ရုံးခွဲဖွင့်ထားတဲ့ ကျုပ်တို့ ကုမ္ပဏီကြီးရဲ့ ငါးနှစ်ပြည့်ပါတီပွဲကြီး ရှိတယ်လေ။  ဒီ အတောအတွင်းမှာ ကျုပ်ရဲ့ ရုပ်ရည်ကို ပြောင်းလဲသွားအောင် အမျိုးမျိုး အလုပ်ပေးကြည့်တယ်၊  အချိန်ယူပြီး နှုတ်ခမ်းမွှေးထားတယ်၊  တစ်ခါတစ်လေ နက်ခ်တိုင်အရှည်အစား ကျော့ကျော့မော့မော့ရှိတဲ့ လည်စည်းအတို (Cravat) ပြောင်း စည်းဖြစ်တယ်၊  ဆေးလိပ် (အင်္ဂလိပ်စီးကရက်တွေ) စသောက်တယ် ။ ပြီးတော့ ကျဲပါးလာနေတဲ့ ကျုပ်ဆံပင်ကိုလည်း ဂျပန်ဆံပင်စိုက်ကုထုံးနည်းသုံးပြီး ရုပ်ဖျက်လိုက်တယ် ( ဒီလို ယောက်ျားမဆန်တဲ့၊ ကိုယ့်ကိုယ်ကို ပြင်ဆင်ယူထားမှန်း သိနေတဲ့ အလုပ်မျိုးကို  ဂူအယ်လ်တာ လုပ်မှာမဟုတ်ဘူး၊ အရင်တုန်းက ကျုပ်ဆိုလည်း လုပ်မှာ မဟုတ်ဘူးလေ) ။ ညစာစားပွဲတွေမှာ အမျိုးသမီးတွေကို ဝိုင်ငှဲ့ပေးတာတွေ မလုပ်တော့ဘူး၊ သူတို့ ကုတ်အင်္ကျီတွေ ဝတ်ကူပေးတာတွေ မလုပ်တော့ဘူး၊ တစ်ခါတစ်လေဆိုရင် ဆဲဆိုတာတွေတောင် လုပ်ပစ်တယ်။

  လေးလကြာပြီးတဲ့ နောက်၊ ဘာစီလိုနာပွဲမှာ ဂူအယ်လ်တာကို ပြန်တွေ့တော့ သင်းက မုတ်ဆိတ်နဲ့ စတန့်ထွင်လာတယ်၊ ဆံပင်ကလည်း ကျုပ် မှတ်မိတာထက် ပို ထူလာတယ်၊ ဂျွန်ပလေယာစ် ဆေးလိပ်တွေလည်း အဆက်မပြတ်သောက်လို့၊ နက်ခ်တိုင်အရှည်အစား ဖဲပြားလေး စည်းထားသေးတယ်၊ ရယ်လိုက်တိုင်းလည်း သူ့ ပေါင် သူ လက်နဲ့ ပုတ်ပုတ်ပြီး၊ လူတွေကို တံတောင်နဲ့ တွန်းထိုးပြီး ရယ်လို့  ၊ “ဖာ့ခ်ကင်း ဟဲလ် “ လို့လည်း တရစပ် ဆဲနေသေး ။ ကျုပ်ကတော့ သင်းကို အရင်က အတိုင်း မုန်းစရာကောင်းနေတယ်လို့ပဲ မြင်တယ်။ အဲဒီညမှ ကျုပ်ကလည်း ဖဲပြားစည်းသွားမိတာကိုး ။
အဲဒီအချိန်က စပြီးတော့ ကျုပ်ကိုယ်ကျုပ် ကြမ်းတမ်းရိုင်းပျတဲ့ လူတစ်ယောက်ဖြစ်လာအောင် စ လုပ်တော့တာပဲ။  ဂူအယ်လ်တာလို အလွန်တရာ လူကြီးလူကောင်းဆန်တဲ့ ၊ ပါးနပ်တဲ့ ၊ တည်ကြည်တဲ့ ၊ ဟန်ဆောင်ကောင်းတဲ့ လူမျိုး  (သင်းက ဘာသာတရားလည်း ကိုင်းရှိုင်းသေးတယ်) မလုပ်နိုင်မယ့် အလုပ်တွေ ဘာတွေ ရှိမလဲဆိုတာကို ဂရုတစိုက်နဲ့ ရှာဖွေကြံဆဖြစ်တယ်။ ဘာစီလိုနာမှာ ဂူအယ်လ်တာတစ်ယောက် ကျုပ်နဲ့ အချိန်တူနေရာတူ အလုပ်တူတူ လုပ်နေရှိနေမှာဆိုတော့ အဲဒါတွေနဲ့ မတူလောက်မယ့် အချိန်၊နေရာတွေကို ရွေးတယ်။ အလုပ်ကို နောက်ကျမှ သွားပြီး အစောကြီး ပြန်လာတယ်၊ အတွင်းရေးမှူးတွေကိုလည်း ကြမ်းကြမ်းရိုင်းရိုင်း ပြောဆိုမှတ်ချက်ပေးပစ်တယ်၊ ဘာမဟုတ်တဲ့ အသေးအဖွဲ့လေးတွေမှာ ဒေါသူပုန်ထပစ်ပြီး ဝန်ထမ်းတွေကိုလည်း မချေမငံပြောဆိုဆက်ဆံလာဖြစ်တယ်။ အမှားတွေကိုတောင် လုပ်ပစ်လာတယ်၊ ကြီးကြီးမားမား မဟုတ်တဲ့ ပမွှားအမှားတွေပါပဲ ၊ ဒါပေမယ့် ဂူအယ်လ်တာလိုမျိုး အသေးစိတ်က အစ ဂရုစိုက်တဲ့၊ စင်းလုံးချော ဖြစ်နေမှ ကြိုက်တဲ့ လူမျိုး မလုပ်မိလောက်မယ့် အမှားမျိုးတွေပေါ့။ ဒါတွေက အလုပ်မှာပဲ ရှိသေးတယ် ။ ကျုပ် ချစ်ခင်လေးမြတ်မှုနဲ့ (အသက်သုံးဆယ်အထိ) ပေါင်းသင်းဆက်ဆံလာတဲ့ ကျုပ်မိန်းမကိုတောင် ပုံမှန်မဟုတ်တဲ့ အချိန်တွေ၊ နေရာတွေမှာ ကျုပ်နဲ့ လိင်ဆက်ဆံဖို့ တဖြည်းဖြည်းချင်း သိမ်သိမ်မွေ့မွေ့နဲ့ပုံသွင်းယူ၊ ပြောင်းလဲယူခဲ့တယ်။ (“ ဂူအယ်လ်တာကတော့ ဒီလောက်အတင့်ရဲမှာ မဟုတ်ဘူး” လို့ တစ်ည  [မတ်ဒရစ်မြို့လည်ခေါင် ] ကယ်လ်ပရင်စီပ် ဒီ ဘာဂရာ ရုံးခန်းဆောင် ရဲ့ သတင်းစာရောင်းတဲ့ တဲကလေးတစ်ခုရဲ့ ခေါင်မိုးမှာ ကျုပ်တို့ အမြန်ဆက်ဆံနေကြရင်းနဲ့ ကျုပ်တွေးမိတယ်) ။ ပြီးတော့  (တခြားသူတွေဆီက) ကြားမိထားပြီး ကျုပ်တို့အတွက် မဖြစ်လာနိုင်ဘူးလို့ ထင်ခဲ့တဲ့ ၊ ဒီမတိုင်ခင် လတွေအထိ ကြမ်းတမ်းရိုင်းပျတဲ့ လိင်မှုနည်းလမ်းတွေ၊ လူမဆန်တဲ့ နည်းလမ်းတွေလို့ ကျုပ်တို့ သတ်မှတ်ထားခဲ့မိတဲ့ သွေဖည်တဲ့ နည်းတွေနဲ့ နေကြဖို့ မိန်းမကို တိုက်တွန်းဖြစ်တယ်။ အဲဒီ အမျိုးသမီးလှလှနဲ့ ကျုပ်လေ …  သဘာဝမဟုတ်တဲ့ နည်းတွေ ကျင့်သုံးမိခဲ့ကြတယ် ။

  သုံးလကြာပြီးတဲ့ နောက်မှာတော့ ဂူအယ်လ်တာနဲ့ နောက်တစ်ကြိမ်ပြန်တွေ့ဖို့ ကျုပ် စိတ်ရှည်လက်ရှည် စောင့်တယ်။ အခုဆိုရင် သင်းက ကျုပ်နဲ့ အတော်ကွာခြားနေလောက်ပြီလေ။ ဒါပေမယ့် တွေ့ဖို့ အကြောင်းက မဖန်လာဘူး။ နောက်ဆုံးတော့ တစ်ခုသော စနေတနင်္ဂနွေပိတ်ရက်မှာ  ဘာစီလိုနာကို သွားပြီး သင်း အိမ်နား ကိုယ်တိုင် သွားဖို့ ၊ ခပ်လှမ်းလှမ်းက စောင့်ကြည့်ရင်း သင်းအသွင်အပြင် နဲ့ ကိုယ်ရည်ကိုယ်သွေးတွေမှာ ဖြစ်လာနိုင်ချေရှိတဲ့ အပြောင်းအလဲတွေကို ကိုယ်တိုင် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ကျုပ် ကိုယ် ကျုပ် လုပ်မိတဲ့ အလှည့်အပြောင်းလေးတွေက ထိရောက်မှုရှိတယ်ဆိုတာကို သေချာချင်စိတ်က ပိုများမယ် ထင်တယ်။

  ဂူအယ်လ်တာနေတဲ့ အဆောက်အဦးကို လှမ်းမြင်နိုင်တဲ့ ကဖေးဆိုင်ကလေးမှာ (စနေတနင်္ဂနွေ နှစ်ရက်ပေါင်း) တစ်ဆယ့်ရှစ်နာရီ ကြာအောင်  ခိုအောင်းပြီး သင်းထွက်လာမလား စောင့်ကြည့်တယ်။ ဒါပေမယ့် သင်းကတော့ ပေါ်မလာဘူး။ ဒီအတိုင်းအရှုံးကို ပိုက်ပြီး မတ်ဒရစ်ကို ပြန်ရမလား၊ ဒါမှ မဟုတ် သင်း နေတဲ့ အထပ်ကို တက်သွားရမလား ၊  ဒီလိုတက်သွားရင် သင်းနဲ့ ထိပ်တိုက်တိုးချင် တိုးနေဦးမယ်လို့ ကျုပ် စဉ်းစားနေတုန်းမှာပဲ သင်းရဲ့ ဘာမှ မထူးခြားလှတဲ့ မိန်းမကို မြင်လိုက်ရတယ်။ အမျိုးသမီးက ဖြစ်သလိုပဲ ဝတ်စားထားတယ်၊ သူ့အမျိုးသားရဲ့ အောင်မြင်မှုက သူ့ကို ထည်ဝါခမ်းနားနေအောင် ဖန်တီးပေးထားဖို့ မလုံလောက်တော့တဲ့ ပုံပဲ ၊ ဒါမှ မဟုတ်လည်း  ဒီ အကျိုးသက်ရောက်မှုကြီးက စနေတနင်္ဂနွေတွေမှာ ဘာ အစွမ်းမှ မရှိတာ ဖြစ်ရမယ်။ ဒါပေမယ့် အမျိုးသမီးက ကျုပ်ကို ကွယ်ထားတဲ့ မှန်အနောက်နားက ဖြတ်သွားတဲ့ အခါမှာတော့ သူက မတ်ဒရစ်က ညစာစားပွဲမှာ ကျုပ်မြင်ဖူးတဲ့ အမျိုးသမီး၊ ဘာစီလိုနာက ပါတီမှာ မြင်ဖူးတဲ့ အမျိုးသမီးထက် ပို ပြီး ညှို့ငင်အားကောင်းနေတာကို ခံစားရတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းပြချက်ကို စဉ်းစားကြည့်ရ မခက်ခဲလှဘူး၊ ကျုပ်ကိုယ်တိုင်ကလည်း ကျုပ် ထင်နေသလို မူလ ကျုပ်အတိုင်းမဟုတ်တော့ဘူး ၊ ကျုပ်လုပ်ခဲ့တဲ့ အစီအစဉ်တွေကလည်း  အမျှော်အမြင်ရှိရာ မကျဘူးဆိုတာကို နားလည်လာရတယ်။ သူ့မျက်နှာမှာ မြင်နေရတာက လိင်သာယာမှု ပုံစံတွေ၊ ခံစားမှု အနေအထားတွေ ပြောင်းလဲသွားအောင် ပြုပြင်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်မျိုးပဲ။  တော်တော်ကွာခြားတယ်လို့ ပြောလို့ ရပေမယ့် သူ့ဆီမှာ ကျုပ်ရဲ့ မိန်းမချောအတိုင်းပဲ (တော်တော် ဆွဲဆောင်မှုရှိတဲ့) မခို့တရို့အကြည့်မျိုး၊  အသိရခက်တဲ့ အဆင်မပြေဟန်မျိုးလေး ရှိနေပြန်တယ်။ 
   
  မတ်ဒရစ်ဆီ ပြန်လာရင်းနဲ့ ဒီစနေတနင်္ဂနွေမှာ ဂူအယ်လ်တာ သူ့တိုက်ခန်းက မထွက်ရတဲ့ အကြောင်းအရင်းကို အခုလိုသဘောပေါက်လာမိတယ်။ ဒီရက်တွေ တောက်လျှောက်မှာ သင်းလည်း မတ်ဒရစ်ကို ရောက်နေမယ်၊ ကျုပ် တိုက်ခန်းနဲ့ မျက်နှာချင်းဆိုင်က လာ အိုရိုတာဗာ ကဖေးဆိုင်မှာ နာရီပေါင်းများစွာ ကြာအောင် ထိုင်ရင်း ကျုပ် အိမ်က ထွက်လာမယ့် အချိန်ကို စောင့်နေလိမ့်မယ်၊ ကျုပ်က ဘာစီလိုနာက သင်းအိမ်ရှေ့မှာ သင်းထွက်အလာကို စောင့်ကြည့်နေမှတော့ ကျုပ် မတ်ဒရစ်အိမ်က ထွက်လာတာကိုလည်း သင်း ဘယ်တွေ့ပါ့မလဲ ။ ဒီအဖြစ်အပျက်ကြီးမှာ ထွက်ပေါက်ရယ်လို့ကို  မရှိဘူး။
စိတ်ပါတစ်ဝက်၊ မပါတစ်ဝက်နဲ့ နောက်ထပ် ကြိုးစားမှုတွေ ကျုပ် ထပ်လုပ်ကြည့်သေးတယ်။  ဒီ အသွင်ပြောင်းလဲမှုကြီးကို ဆုံးခန်းတိုင်သည်အထိ ဆက်လုပ်ဖို့ ကြိုးစားမိတဲ့ အသေးအဖွဲ့လေးတွေပါပဲ။ အက်စပန်ညိုကို အားပေးတဲ့ သူတစ်ယောက်ကို ဘာကာ  ဘက်က လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ ရီးယဲလ်မတ်ဒရစ်ကို ပြောင်းအားပေးပစ်တယ်၊  မြို့စွန်မြို့ဖျားက မည်းမှောင်ညစ်ထေးနေတဲ့  အရက်ဆိုင်တွေသွားပြီး တော်တော်အဝင်ဆိုးတဲ့ စမုန်စပါးအရသာနဲ့ အရက်တွေ သောက်ပစ်တယ် ၊ သေချာတာက ဂူအယ်လ်တာလို ကောင်းပေ့သန့်ပေ့ဆိုတာတွေချည်း ကြိုက်တဲ့ သူတစ်ယောက်က ဒီလောက် စွန့်လွှတ်အနစ်နာခံနိုင်မှာ မဟုတ်ဘူးလေ ၊ ပြီးတော့ ပုပ်ရဟန်းမင်းကြီးကိုလည်း လူရှေ့သူရှေ့မှာ စော်ကားပြစ်တင်ပစ်တယ်၊ ကျုပ် ပြိုင်ဘက် ကတ်သလစ်ဘာသာရေးသမားကြီးက ဒီလောက်ထိတော့ လုပ်မှာမဟုတ်ဘူးဆိုတာ သေချာလို့ပဲ ။ 

  ဒါပေမယ့် ပြောသာပြောရတာပါ၊ တကယ်တမ်းမှာ ဘာကိုမှလည်း မသေချာခဲ့ဘူး၊ နောက်လည်း သေချာလာမှာ မဟုတ်ဘူးဆိုတာကို အခုတွေးမိတော့ ပို သိလာရတယ်။ ဂူအယ်လ်တာနဲ့ စ တွေ့ပြီး တစ်နှစ်ခွဲအကြာမှာ ကျုပ်အခုလက်ရှိထိ လုပ်နေတဲ့ ၊ တက်လမ်းမြန်ဆန်ခဲ့တဲ့ လုပ်ငန်းခွင်မှာ မထင်မှတ်တဲ့ အဖြတ်အတောက် ၊ အရပ်အဆိုင်းတွေ ကြုံလာရတယ်။ အခုဆို ကျုပ် ကောက်ကာငင်ကာ အလုပ်ဖြုတ်ခံရနိုင်တယ်ဆိုတာ ကြိုသိနေတယ် (နစ်နာကြေးတော့ ပေးရမှာပေါ့လေ)။  ကျုပ်မိန်းမကလည်း သိပ်မကြာသေးခင်ကပဲ ဘာအကြောင်းပြချက်မှ မပေးဘဲ ကျုပ်ကို ထားခဲ့ပြီး ထွက်သွားပြီ။ မူမမှန်ဖြစ်နေတဲ့ အခြေအနေတွေကို ငြီးငွေ့လာလို့ပဲလား၊  ဒါမှမဟုတ်လည်း ကျုပ်ရဲ့ အပျော်ဖန်တီးမှုတွေက မလုံလောက်တော့လို့ပဲ သစ်လွင်လတ်ဆတ်တဲ့ သာယာမှုတွေကို ရှာဖွေဖို့ ထွက်သွားတာလား မသိ။ ဂူအယ်လ်တာရဲ့ မထူးခြားတဲ့ အမျိုးသမီးကရော ဒီလိုပဲ လုပ်သွားပြီလား။ ကုမ္ပဏီမှာ သင်းရဲ့ ရာထူးအခြေအနေကရော ကျုပ်လိုပဲ ပြုတ်လွယ်၊ ထိခိုက်လွယ်မယ့် အနေအထားရောက်နေပြီလား ။ ကျုပ် ဘယ်တော့မှ မသိနိုင်တော့ပါဘူးလေ ၊ ဘာလို့လဲဆိုတော့ မသိတာ ပိုကောင်းမယ်လို့ ကျုပ်တွေးနေမိပြီကိုး။ ကျုပ် ဂူအယ်လ်တာကို တွေ့ဖို့ စီစဉ်ခဲ့မိမယ်၊ အဲဒီ အခိုက်အတန့်ကို ရောက်လာမယ်ဆိုရင် ဖြစ်နိုင်ချေက နှစ်ခု ရှိတယ်၊ နှစ်ခုလုံးကလည်း ထပ်တူထပ်မျှ ကြောက်စရာ ကောင်းတယ်၊ ဒါမှ မဟုတ်လည်း  အနည်းဆုံးတော့ မသေချာတာထက် ပို ကြောက်စရာ ကောင်းကြတာချည်းပဲ။ ကျုပ်ပထမတွေ့ခဲ့တဲ့ လူနဲ့ လုံးဝ ကွာခြားသွားတဲ့သူ ၊ လက်ရှိ ကျုပ်နဲ့ တထပ်တည်း တူနေတဲ့ ( မသေမသပ်နဲ့ ၊ အကျင့်သိက္ခာ ပျက်ယွင်းနေတဲ့၊  ပျင်းရိထုံထိုင်းနေတဲ့၊ ကြမ်းတမ်းခက်ထန်နေတဲ့၊  ဘာသာတရားကို စော်ကားနေတဲ့၊  လိင်ကျင့်ပျက်နေတဲ့ ) လူတစ်ယောက်ကို ကျုပ်တွေ့ချင်တွေ့ရနိုင်တယ်။  ဒီလိုဖြစ်ရင်တော့  ဇေဗီယာ ဂူအယ်လ်တာဆိုတဲ့ လူကို ကျုပ် ပထမဆုံးမြင်ခဲ့တုန်းကလို ရွံရှာမုန်းတီးမိဦးမှာပဲ။ 

  နောက်ထပ်ဖြစ်နိုင်ချေတစ်ခုက ပိုလို့တောင် ဆိုးနေသေးတယ်။ ကျုပ် ဂူအယ်လ်တာကို ပထမဆုံး မြင်ခဲ့မိတုန်းက အတိုင်းပဲ မပြောင်းမလဲနဲ့ ဘာခံစားမှုမှ မပြတဲ့၊ ဟန်ပန်ယဉ်ကျေးတဲ့၊ ကြွားဝါတတ်တဲ့၊ ကျော့ကျော့မော့မော့ ရှိတဲ့၊ ဘာသာတရားကိုင်းရှိုင်းတဲ့ ၊ အောင်မြင်နေတဲ့ ပုံစံနဲ့ မြင်ရရင်ရော။ ဒီလို ဖြစ်ရင်တော့ သည်းညည်းမခံနိုင်တဲ့ ခါးသီးမှုမျိုးနဲ့ ကျုပ်ကိုယ် ကျုပ် မေးခွန်းထုတ်မိတော့မှာ ၊ လူနှစ်ယောက်ရှိတဲ့ အထဲမှာ ဘာလို့ ကျုပ်ကပဲ ကိုယ့် အတ္ထုပတ္တိကို ကိုယ် စွန့်လွှတ်ခဲ့ရ၊ လက်လွှတ်ခဲ့ရတဲ့သူ လာဖြစ်နေရတာလဲ လို့လေ ။ ။

- ဏေသစ်
[ Javier Marias ၏ While the Women are Sleeping ဝတ္ထုတိုစုစည်းမှုမှ "Gualta " ကို ဆီလျော်အောင် ပြန်ဆိုပါသည် ]


1 comment:

  1. ကြိုက်လွန်းလို့ ကော်ပီယူခွင့်ပြုပါခင်ဗျ

    ReplyDelete