Friday, January 19, 2018

ကိုယ်​သာ အချစ်​ကဗျာဆရာတစ်​​ယောက်​ ဆိုပါ​တော့

ကိုယ်​သာ အချစ်​ကဗျာဆရာတစ်​​ယောက်​ ဆိုပါ​တော့

လို့ စဉ်းစား​နေရပြီဆိုကတည်းက 
ကိုယ်​ မဟုတ်​ခဲ့တာကို အတည်​ပြုလိုက်​ရတာပဲ
သင်​သာ အစိုးရဖြစ်​ခဲ့ရင်​ ဆိုတဲ့ လူကြီးဘဝအတွက်
စာစီစာကုံးမျိုးမှာ တချို့သူ​တွေ မြုပ်​နှံနိုင်​ကြသလို
နီးစပ်​ဖို့ လိုတယ်​၊ လိုတယ်​ ဆို​သေး​တာက
မ​ရောက်​နိုင်​​သေးတာပဲ ၊ ဘုရား​ရေ ... ဘုရားနဲ့
ဘာနဲ့ ဘယ်​​လောက်​​ဝေး​ဝေး​နေပါလိမ့်​လို့
ကိုယ်​ မအံ့သြမိပါဘူး ဘုရား​ရေ
လူ​တွေဟာ ချစ်​ဖို့ အတွက်​ အသက်​ရှင်​​နေကြ
ဆိုတဲ့ အဖွဲ့အနွဲ့​တွေနဲ့ ​ဝေးရ ၊ မျက်​ဝန်းမှာ
အမုန်းပန်း​တွေ ဂမုန်းပန်း​တွေ ဘာ​တွေ။
ဘာသာစကားကို သင်​ကြားတတ်​​မြောက်​လာရခြင်းဟာ
အရှိတရားကို စကားလုံး​တွေ တဆင့်​ခံ
ဆက်​ဆံ​ဝေးကွာလာရခြင်းပဲ ဆိုတဲ့ အ​ကြောင်း
စကားလုံး​တွေနဲ့ ပြန်​​ပြော​နေရတာ​လောက်
ကြေကွဲစရာ မရှိပါဘူးကွယ်​။ တစ်​​နေရာမှာ
နေ့က​လေးထိန်း​ကျောင်းဝင်း တစ်​ခုထဲ
လူသတ်​သမားဖြစ်​လာမယ့်​ တစ်​​ယောက်​၊
သုံးဖို့ လိုလာ​တော့မယ့်​ ​သေနတ်​နဲ့ အတူ
ဝင်​သွားသွား ၊ ​နောက်​တစ်​​နေရာမှာ
လူမှုစမ်းသပ်​ချက်​တစ်​ခုအတွက်​ 
လူဘယ်​နှစ်​ဆယ်​နဲ့မှ ဘယ်​နှစ်​​ယောက်​ကို
လူမှားချင်​​ယောင်​ ​ဆောင်​ကြည့်​ရမယ်
ဆိုတာမျိုး ဖြစ်​ဖြစ်​​ပေါ့။ ကိုယ်​​ပြောမယ်​။
အဲဒီ​နေ့က ကိုယ်​ဟာ ... ဘုရား​ရေ ...
ကို​ယ့်​ကိုယ်​ထဲက တစ်​​ယောက်​​ယောက်​က
စကားလု​ပြော​နေသလို ကြိုးစား​နေတာကို
ကိုယ်​ခံစားရတယ်​။ သက်​​သေပြဖို့ ကိုယ်
စကားရပ်​လိုက်​တိုင်း
သူလည်း လိုက်​ရပ်​သွား​နေတယ်​။ ။

- ဏသ

No comments:

Post a Comment