Tuesday, July 3, 2018

သူမဟာ ပင်လယ်

သူမဟာ ပင်လယ်
 မှော်ဆန်သော စွန့်ပစ်ပစ္စည်းများနဲ့ 
 ခံစားသူမဲ့ ပေါက်ကွဲမှုရဲ့ ရာဇဝင်
 သမိုင်းဟာ 
လှုပ်ရှားတယ်၊ ရှင်သန်တယ်၊ 
စီးဆင်းတယ် 
 သေတယ်၊ တအိအိ ငိုတယ် 
 တစ်ခုသော ညမှာ 
အိပ်ရာက ကောက်ထလာ
 အဝတ်တွေ ပြန်ဝတ်ပြီး
 နောက်ထပ် နယ်မြေသစ်တစ်ခုဆီ 
သွားဦးမယ့် 
အဝေးကြီးဆိုတဲ့ ပင်လယ် 
 ငါ့ကို ငါးတွေပေးတဲ့ အခါ 
 ငါက ထီးအပေါက်အပြဲတွေ ပြန်ပေးခဲ့
 ငါ့ကို ပုလဲတွေပေးတဲ့ အခါ 
ငါက ပွဲတော် ညတွေအကြောင်း ပြန်ပြောခဲ့
 ငါ့ကို ဒဏ္ဍာရီထဲက ကျောက်တုံးတွေပေးတဲ့အခါ 
 ငါ့ သက်တမ်းထဲက အနည်းငယ်ကို
 ပြန်ခွဲပေးဖို့ ကြိုးစားခဲ့သူပါ 
 ပင်လယ်ဓားပြ အရိုးစုတွေ 
 ရွှေဒင်္ဂါးတွေ၊ မကြည့်ဘဲ ကျော်လိုက်မိတဲ့ 
 ကြော်ငြာတွေ ရေနဲ့ မျောပြီး ပြန် ပါသွားတယ် 
ကျွတ်ထွက်ခဲ့သမျှ သွားတွေကနေ 
အခုပဲ ကြယ် ဖြစ်လာဖို့ ဆုတောင်းကြ 
အရည်ပျော်စ နယ်နိမိတ်တိုင်းဆီက 
 ကိုယ့် နာမည် လှမ်းခေါ်ခံရတဲ့ အဓိပ္ပာယ်ပေါ့
 သဲ တစ်ပွင့်ချင်းဟာ 
 ပြန်ထိစမ်းဖို့ ကြိုးစားလိုက်တိုင်းမှာ 
 အချည်းနှီး ကျွံဝင်သွားစေတဲ့၊ 
ကိုယ်လိုချင်ပေမယ့်
 ကြိုကြိုတင်တင် ငြင်းဆိုထားတဲ့
 အဖြစ်အပျက်တွေ 
နစ်မြုပ်ရတာကိုက ရှင်သန်ခြင်းပဲလို့ 
သူတို့ ပြောတဲ့ အချိန်
 ငါက သူ့ရဲ့နက်ရှိုင်းတဲ့
 ရေအောက်ကြမ်းပြင်မှာ။
 မေ့လျော့ခံရတဲ့ အနံ့အသက်နဲ့
 ပုလင်းတစ်လုံးထဲက 
ဘယ်သူ့ဆီမှ မရောက်တော့မယ့်
 စာ ... 
ဒါပေမယ့် သူမဟာ ပင်လယ် 
 ငါ့ကို အမြဲ သိမ်းဆည်းထားလေတယ်။ ။
- ဏေသစ် 

[ဆရာနေမျိုးရဲ့ “ ပင်လယ် “ ဆိုတဲ့ ကဗျာကို ဖတ်ပြီး ပြန်ရေးဖြစ်တာပါ။ မူလကဗျာထဲက ဆင့်ပွားရေးဖြစ်တာ ဖြစ်ပြီး စကားလုံးတော်တော်များများကိုလည်း ပြန် ယူပြီး သုံးထားဖြစ်ပါတယ်။ မူလ ကဗျာက ဒီမှာပါ 
ပင်လယ်
---------
သူမဟာ ပင်လယ်
လှုပ်ရှားတယ်၊ ရှင်သန်တယ်၊ စီးဆင်းတယ်
သူမဟာ ပင်လယ်
ငါ့ကို ငါးတွေပေးတယ်
ငါ့ကို ပုလဲတွေပေးတယ်
ငါ့ကို ဒဏ္ဍာရီထဲက ကျောက်တုံးတွေပေးတယ်
ငါ့ကို သဘောင်္ပျက်တွေပေးတယ်
ငါ့ကို ပင်လယ်ဓားပြအရိုးစုတွေပေးတယ်
ရွှေဒင်္ဂါးလည်း နည်းနည်းပေးတယ်။
သူမဟာ ပင်လယ်
ငါ့ကို လူးလာစုန်ဆန်ကူးခတ်စေတယ်။
ရဲဝံစေတယ်။
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်။
သူမဟာ ပင်လယ်
တစ်နေ့မှာငါ့ကို နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ။
သူမဟာ ပင်လယ်
ငါ့ကို အမြဲ သိမ်ဆည်းထားလေတယ်။

နေမျိုး
အမှတ် ၆၊ ပန်းအလင်္ကာမဂ္ဂဇင်း 
(ကဗျာကို မောင်ဖြိုးဝေ (ကို Phyo Wai Hlaing) wall က ဖတ်ရတာပါ )]

No comments:

Post a Comment