Monday, November 16, 2015

ကျွန်တော်မသိဘဲ မိုးတွေ ရွာသွားတယ် မကြည်ဖြူ

(၁)
အဲဒီအရပ်မှာ မိုးတွေ ရွာနေလား … မကြည်ဖြူ … ။ ဒီမှာတော့ အရမ်းပဲ … သည်းလို့မည်းလို့။
အကြောင်းတိုက်ဆိုင်မှ ပြောပြရမယ် မဟုတ်ပေမယ့် တိုက်ဆိုင်လို့ ပြောပြချင်တာ တစ်ခုက နောက်တစ်ခါ မိုးတွေထပ်ရွာရင်လည်း အခုအကြောင်းတွေပဲ စဉ်းစားမိဦးမယ် ထင်တယ်။
တစ်ယောက်ကို တစ်ယောက် နာမည်မှားခေါ်လိုက်ဖို့ သိပ်ကို လွယ်ကူတဲ့ အခုလို နှစ်တွေမှာ ကျနော်တို့ တွေ့ခဲ့၊ လွဲခဲ့ကြတဲ့ အကြောင်း။

(၂)
ထိုနေ့တွင် မုန်တိုင်းများ ကျနိုင်မည်ဟု ရေဒီယိုက ကြေငြာကောင်း ကြေငြာခဲ့ပါလိမ့်မည်။ “ပျော်စရာကောင်းသော မုန်တိုင်း” ဟူ၍ ရှိနေနိုင်ပါသလား။ ရှိနိုင်သည် မသေချာသော်လည်း ယင်းစကားလုံးအတွဲအစပ်ကို ကျနော် ကျေနပ်နေမိသည်။ မနေ့ညက ကြည့်မိသော ပဟေဠိအစီအစဉ်မှ ပြိုင်ပွဲဝင်သည် သူရွေးချယ်ခဲ့သော နံပါတ်ထက် လတ်တလောသေချာသည့် ဆုငွေကိုသာ ရွေးချယ်သွား၏။ အချိန်များကို နောက်ပြန်လှည့်၍ ရကောင်းသည်ဆိုပါက ထိုနေ့ရက်ကလေးအပေါ် မည်သို့ တုံပြန်မိမည်ကို (အစဉ်အလာ အရေးအသားများအတိုင်း) ကျနော် စဉ်းစားမိကြည့်ချင်သေးသည်။ ရုပ်သံအစီအစဉ်ကို ကြော်ငြာများအား သည်းညည်းမခံနိုင်သောကြောင့် Channel ပြောင်းပစ်ခဲ့မိသည်။ မည်သို့ပင်ဆိုစေ ထိုနေ့ကိုတော့ ငေးရင်းမောရင်း ဖြတ်လျှောက်ခဲ့မိပါသည်။

#
အဖြူရောင်နဲ့ သီးတဲ့ စတော်ဘယ်ရီသီးလေးထဲမှာ
မကြည်ဖြူကို ကျွန်တော် တွေ့တယ်။
အဖြူရောင်နဲ့ တီးတဲ့ စန္ဒရားခလုတ်တွေထဲမှာ
မကြည်ဖြူအသံကို ကျွန်တော်ကြားတယ်။
ပြီးတော့
ကမ္ဘာပေါ်မှာ တခြားကမ္ဘာတစ်ခုကို
ကျွန်တော် ရှာဖွေတွေ့ရှိတယ်။

(၃)
လိပ်ပြာတောင်ပံခတ်သံကနေ မုန်တိုင်းဖြစ်သွားနိုင်တဲ့ သီအိုရီအကြောင်း ကြားဖူးမှာပါ မကြည်ဖြူလို့ ကျနော်ပြောလာရင် “လာပြန်ပြီလား” လို့ မကြည်ဖြူ မျက်လုံးလေးလှန်ပြီး ပြန်ကြည့်ဖြစ်ဦးမှာပဲ မဟုတ်လား။ လမ်းပျောက်ဖို့အတွက်သက်သက်နဲ့တော့ ဘယ်လမ်းကိုမှ လျှောက်နေစရာမလိုဘူးလို့ မကြည်ဖြူနားလည်အောင် ဘယ်လိုရှင်းပြရမလဲ။ နောက်ပိုင်းမှာ “ လူတွေက ကော်ဖီတစ်ခွက်ကို ပိုက်ဆံသောင်းကျော် ပေးပြီး ဘာကြောင့်ဝယ်သောက်ကြတာလဲ”လို့ မေးတော့ မကြည်ဖြူက ဘာမှ ပြန်မဖြေဘူး။ အဖြေကို မကြည်ဖြူ သိနေမှန်း ကျနော် သိသားပဲ။ လူတွေဟာ ကော်ဖီအရသာကို သောက်တာထက် ဒီလောက်တန်ဖိုးရှိတဲ့ ကော်ဖီကို သောက်နေပါလားဆိုတဲ့ စိတ်ကို အရသာခံ သောက်နေကြတာ။ ကျနော်လည်း မကြည်ဖြူကို ချစ်နေမိတယ်ဆိုတဲ့ စိတ်ကို ပြန်ချစ်နေမိတာလေ။ ကျန်တာ အားလုံးပေးနိုင်ပြီးမှ ဂုဏ် ကလေးတော့ ပြန်ယူပါရစေလား မကြည်ဖြူ ။

#
“မကြည်ဖြူကို သိပ် ချစ်တာပဲ “ လို့
ကိုယ့်ကိုယ်ကို ရေရွတ်မိသော နေ့က
ကိုယ့်ကိုယ်ကို စိတ်ဆိုးခဲ့မိသည်။
ဘာသားနဲ့ လုပ်ထားတဲ့
 လူကောင်လေး မို့လို့လဲ
အချစ်ရေ …
မနာလိုပါဘူးကွယ်

(၄)
မည်သည့်အဆိုအမိန့်ကိုမှ ကြားမခံဘဲ မကြည်ဖြူနှင့် နီးစပ်လိုခဲ့သည်။ “မွေးတော့လည်း တစ်ယောက်တည်း၊ သေတော့လည်း တစ်ယောက်တည်း “ ဟု ပြောသူများအတွက် အမြွှာမွေးသူများနှင့် အစုလိုက်အပြုံလိုက်သေသူများဖြင့် တန်ပြန်ဥပမာပေးလိုပါသည်။ ရုပ်ရှင်သရုပ်ဆောင်များ၊ ဘောလုံးသမားများ၊ ဗေဒင်ဆရာများ၊ facebook celebrity များ … မည်သူနှင့် ယှဉ်ယှဉ် နာမည်မကြီးရှာသော ကျနော့်မိတ်ဆွေ ကဗျာဆရာအချို့၏ ကဗျာများ ရွတ်ပြလျှင် မကြည်ဖြူ နားထောင်ပါမည်လား။ သိမ်ငယ်စိတ်တစ်ခုထဲသာ အကြီးမားဆုံးအကောင်အထည်အဖြစ် ကြွင်းကျန်ရစ်သည်။ အိပ်မက်တစ်ခု၏ အကောင်းဆုံးအစိတ်အပိုင်း၌ပင် နှိုးစက်ခေါင်းလောင်းသံကို ကြိုတင်ကြားယောင်မိသူများ ရှိနေသည်ဟု ဆိုလျှင် မလှောင်ကြပါနှင့်။ မိမိ၏ ကိုယ်အတွင်းတွင် အရာဝတ္ထုတစ်စုံတစ်ရာ ရှိနေပြီး ယင်းက မကြည်ဖြူနှင့် ကျနော် ဘယ်သောအခါမှ မနီးစပ်နိုင်ဟု အခိုင်အမာပြောနေသည်။ ယုတ္တိဗေဒ သဘောအရတော့ အရာတစ်ခုသည် A သို့မဟုတ် A မဟုတ်သည့်အရာ (Not A) တစ်ခုသာ ဖြစ်ရမည်။
“ ကျနော့်မှာတော့ A နဲ့ A မဟုတ်တဲ့ အရာ တစ်ပြိုင်တည်း ဖြစ်နေတဲ့ နယ်ပယ်တစ်ခု ရှိနေတယ်။ အဲဒီနေရာကလေးဟာ မကြည်ဖြူကို ကျနော်ထိုင်ပြီး ငေးမောနေမိတဲ့ နေရာပေါ့ “

#
ကျွန်တော်ဟာ မကြည်ဖြူသိအောင် စိတ်ထင်သာ ပြရဲသော
မကြည်ဖြူသိအောင် ကိုယ်ထင်မပြရဲသော
ကဗျာစောင့်နတ်သားပါ
မကြည်ဖြူရယ်

(၅)
တစ်နေ့၊ အိပ်မက်ထဲတွင် မကြည်ဖြူဝင်လာပြီ်း “ သတင်းဆိုးတစ်ခု ၊ သတင်းကောင်းတစ်ခုပါတယ်။ ဘာအရင်နားထောင်ချင်လဲ “ ဟု ပြုံး၍ မေးသောအခါ “အဲဒီနှစ်ခု ဘာကွာသလဲ “ ဟု ကျနော်က ပြန်မေးမိသည်။ လိုချင်သည့် အဖြေမရ၍ မကြည်ဖြူစိတ်ပျက်ကာ လှည့်ထွက်သွားပြီး ကျန်အိပ်မက်တလျှောက်လုံး ပြန်မပေါ်လာ၍ ထိုအိပ်မက်ကို အိပ်မက်ဆိုးဖြစ်ကြောင်း စိတ်မကောင်းစွာ အတည်ပြုလိုက်ရသည်။ နာရီကို သိရန် ဖုန်းကို ကြည့်မိသောအခါ အတည်ပြုရန် မလိုသော သတင်းဆိုးတစ်ခုကို တွေ့ရသည်။

#
“ မကြည်ဖြူကို
နိုဝင်ဘာနဲ့ တိမ်ဖြူဖြူတွေပေါင်းပြီး
စိတ်နဲ့တောင် ဝေးတဲ့နေရာကို
ခေါ်သွားကြတော့မယ် …” တဲ့
ကျွန်တော်နဲ့ အရာအားလုံးပေါင်းပြီး
ဆွံ့ _ အ _ ကြောင် _ကန်း
ကျွန်တော်တို့
တစ်နေရာတည်းမှာ အကျယ်ကြီးဝေးတယ်
မကြည်ဖြူ။

မကြည်ဖြူရှိနေတော့မယ့်
ကမ္ဘာ့ဟိုဘက်ခြမ်းလေးဟာ
ပိုလှသွားတော့မယ် ထင်တယ်

(၆)
လေယာဉ်ကွင်းကို လိုက်မပို့ဖြစ်ပေမယ့် မကြည်ဖြူနဲ့ တစ်ခေါက်တွေ့ဖြစ်တယ်။ မကြည်ဖြူ သိပ်လှတဲ့အကြောင်း ဒီအရေးအသားမှာ  မပြောလာခဲ့သမျှ ဒီနေရာမှာ ပြောဖြစ်အောင် ပြောမယ်။ မကြည်ဖြူ သိပ် လှ တယ်။ နေဝင်ချိန်တစ်ချိန်နဲ့ တစ်ချိန်ဘယ်တော့မှ မတူတဲ့အကြောင်း ကျနော့်ကို တစ်ယောက်က ပြောဖူးတယ်။ အခုအချိန်မှာ မကြည်ဖြူဟာ ကျနော်နောက် ဘယ်သောအခါမှ ပြန်မရနိုင်တဲ့ တစ်ခုတည်းသောနဲ့ အလှဆုံးနေဝင်ချိန်ပဲ။ အဲဒီသက်ရှိထင်ရှားနေဝင်ချိန်ကလေးဟာ ကျနော့်မျက်စိရှေ့တွင်ပဲ တဖြည်းဖြည်းမှိန်ဖျော့သွားတော့မှာ ။ သတိမထားမိခင်မှာပဲ အလင်းစက်တွေကို ကျနော်လိုက်ဖမ်းနေတယ် .. သွေးရူးသွေးတန်း။ မကြည်ဖြူ … မသွားပါနဲ့။ ဒါ တကယ်မဟုတ်ဘူးလို့ ကျနော့်ကို ပြောပါ။ “အရူးလေး ..နောက်လို့ နောက်မှန်းမသိ ဖြစ်ပျက်နေလိုက်တာ” လို့ ရယ်ရင်းမောရင်း ကျနော့်ကို ပြောပါ။

(၇)
တကယ့်အဖြစ်အပျက်တွင်တော့ ကျနော်သည် တိတ်ဆိတ်သူ၊နားထောင်သူသာ ဖြစ်ခဲ့ရသည်။ ထိုနေဝင်ချိန်က အဖြူရောင် စက္ကူဘူးတစ်ခုကို မကြည်ဖြူက ကျနော့်အား ပြသည်။ (ယင်း စက္ကူဘူးခေါက်နည်းကို ကျနော်က မကြည်ဖြူအား သင်ပေးခဲ့ခြင်း ဖြစ်သည်) မရယ်မပြုံးသော်လည်း ထုံးစံအတိုင်း နွေးထွေးဆဲ လေသံဖြင့် “အထဲမှာ ဘာရှိသလဲ သိချင်လား “ ဟု မကြည်ဖြူ မေးသည်။ ကျနော် ခေါင်းခါသည်။
“တကယ် မသိချင်ဘူးလား”
“ဟင့်အင်း .. မသိပါရစေနဲ့လား … မကြည်ဖြူ။ အဲဒီဘူးလေးကိုလည်း မကြည်ဖြူပဲ ယူသွားပြီး သိမ်းထားပေါ့ ။ ကျနော်ကတော့ ဒီ စက္ကူဘူးကလေး မကြည်ဖြူနဲ့ အတူ ရှိနေတယ် ဆိုတဲ့ စိတ်ကိုပဲ သိမ်းထားမှာ “

ထိုနေ့က မကြည်ဖြူ မျက်ရည်ကျသည် ထင်သည်။  ကျနော်မမှတ်မိခဲ့ခြင်းအတွက် သင့်တော်ရာအကြောင်းပြချက်ဖြင့် နှစ်သက်သလို အစားထိုး၍ ခွင့်လွှတ်ပေးစေလိုပါသည်။

“ ကျနော်တို့ ပြန်တွေ့ကြတဲ့ အချိန် အဲဒီ စက္ကူဘူး ဖြူဖြူလေးကို အတူတူ ဖွင့်ကြည့်ကြမယ်လေ “ ဟူသော စကားကို ကျနော် မပြောမိအောင် ထိန်းထားခဲ့ရခြင်းအတွက် သင့်တော်သော အကြောင်းပြချက်ကိုပါ တစ်ဆက်တည်း ရှာဖွေပေးစေလိုပါသည်။

(၈)
အချိန်ကာလဟာ ရုပ်ရှင်လက်မှတ်ဖြတ်သူလို အလုပ်လုပ်တယ် … မကြည်ဖြူ။ နောက်ပိုင်းရက်တွေမှာ ကျနော်တို့ အသက်တွေ တဖြည်းဖြည်းကြီးရင့် လာကြမယ်ဆိုတာက လွဲပြီး တခြားသေချာတာ ဘာများရှိလို့လဲ။ “ တစ်ခါတစ်လေ စိတ်လိုလက်ရရှိရင်တော့ အိမ်က ကြောင်ကလေးကို အဝေးကြီးလို့ နာမည်ပေးပြီး အနားကိုလာဖို့ တမီမီ ခေါ်နေမိတယ်” လို့ စာအုပ်ထဲ ချရေးမိတယ်။ တကယ့်ဘဝမှာ ကြော်ငြာရယ်၊ ရုပ်သံအစီအစဉ်ရယ်လို့ ခွဲထားတာမျိုး မရှိတော့ တစ်ထိုင်တည်းကြည့်ရုံအပြင် ဘာမှမတတ်နိုင်တာကိုလည်း သည်းခံရုံပါပဲ။ ကမ္ဘာ့တစ်နေရာက စက္ကူဘူးဖြူလေးရေ … တစ်ယောက်ထဲ ရွှဲစိုနေတဲ့ မိုးတွေ တိတ်သွားမှာပါလို့ ငါ့ကို ပြောပါကွယ်။ “တကယ်လို့များ” ဆိုပေမယ့် “တကယ်လို့များ”  … ။

#
အသံနဲ့လဲ ရောက်ရပါစေ
အလင်းနဲ့လဲ ရောက်ရပါစေ …
မကြည်ဖြူ ။

(ကို ဇာတိရဲ့ ကဗျာခေါင်းစဉ်ကို ယူသုံးပြီး ရေးဖြစ်။ # နောက်က ကဗျာစာသားတွေဟာလည်း ကိုဇာတိ စာသားများသာ)

ဏေသစ်

No comments:

Post a Comment