Sunday, July 26, 2015

အားလပ်ရက်

အားလပ်ရက်

မီးပွိုင့်မှာ သုံးခါဆက်တိုက်မီးနီ မိနေတဲ့ ဖုတ်သွင်းရထားထဲက
ဇွမ်ဘီဖုတ်ကောင်တွေ ဆင်းလာပြီး "brains … brains "နဲ့
လမ်း ဆက်လျှောက်သွားကြတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုတာ

ရှူးဖိနပ်ထဲက ပြန်ထုတ်မရတဲ့ ကျောက်စရစ်ခဲ။ အထိမ်းအမှတ်ကျောက်တိုင်ကို
အဝတ်နက်ကြီးအုပ်ပြီးခေါ်သွားကြတုန်းကလည်း မိုးလေဝသက ဒီအတိုင်း။
တိတ်ဆိတ်မှုဟာ အုတ်နံရံကို သွေးယိုစိမ့်စေပေမယ့် အစစ အရာရာ

 မေ့လွယ်ပျောက်လွယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်းမဆုံမိအောင်
တောင့်မတ်ထိန်းသိမ်းနေတဲ့ လူကျပ်သော ဓာတ်လှေကားထဲက
သူစိမ်းများအဖြစ် ငါတို့ ကြီးပြင်းလာတယ် ။ မျက်ရည်ယိုဗုံးတို့သည်
ထုတ်ပိုးပြီး ပုံစံသစ်များနဲ့ အိမ်ရှေ့တံခါးကို ဖျက် ဝင်လာပြီးသား
ဆိုသည်မှာလည်း ယင်းမတိုင်မီကာလများက မျှော်လင့်ထားပြီးသည့် အတိုင်း ။
 ဟိုး အတိတ်တုန်းကဆို ကိုယ့် အရိပ်ကို အရိုးတွေအထိ
 မြင်ရတယ်။လက်ရှိနေ့ရက်များမှာတော့ဖြင့်

စာရွက်အများကြီး ကြိုကြိုတင်တင် ဆုတ်ဖြဲထားမိပြီးမှ တစ်ရက်ချင်း ပြန် စောင့်စားယူရတဲ့
 ရွက်ဆုတ်ပြက္ခဒိန်။ညဘက် အိပ်ရာဝင်သည့်တိုင်အောင် … စသဖြင့်ဟာ ခြင်ထောင်အပေါ်စီးကနေ

တို့များကို ငုံ့မိုးကြည့်ရှုနေဦးမှာပဲ။ မနက် အိပ်ရာထတဲ့ အခါ "အားလုံးအဆင်ပြေတယ် အေးဆေး "
လို့ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြောနေမိဦးမှာပဲ။ ။

- ဏေသစ်

No comments:

Post a Comment