Tuesday, July 28, 2015

မီးပျက်သွားတဲ့ အခါ


မီးပျက်သွားတဲ့ အခါ

မီးခြစ်ဆံဗူးကို လက်နဲ့ လျှောက်စမ်းနေရင်းနဲ့
ပျော့ဖတ်ပူနွေးနေတဲ့ လူ မျက်နှာတစ်ခုကို နံရံမှာ စမ်းမိတယ်
ဟောဒီမှာ ဆံပင် ဖားလျား
ဒါက မျက်လုံး ဒါက နှာခေါင်းရိုး

ပြီးတော့ သွားရည်တမြားမြားနဲ့ ပါးစပ်
အစက်အပြောက်တွေ သေအံ့မူးမူးအချိန်မှာ
မျဉ်းဖြောင့်ဘဝကို ဆုပန်ခဲ့ပါလိမ့်မယ်
လူ့အဖြစ်ကို နောက်တစ်ဖန် ထပ်မံ မရမီ စပ်ကြား
အကြိမ်ရေ အနန္တတိတိ ငါ ထုခဲ့တဲ့

ဗန်ဒါသီးတွေ အစေ့တွေ အဆံတွေ
အပင်ပြန်ပေါက်ပြီး မြေကြီးအောက်ပြန်ဝင်သွားကြပြီး
လူကြီးမင်းတို့ တစ်ဘက်ခြမ်းမှ သတင်းပေးပို့ချက်များအားလည်း
အချိန်နှင့် တပြေးညီ စဉ်ဆက်မပြတ် လက်ခံရှိပြီး
မီးခြစ်ဆံကို ရှာတွေ့ပြီးနဲ့ မီးကို မခတ်ညှိမီကြားကာလဟာ
ကဗျာဖြစ်တယ် တော်လှန်ရေးဖြစ်တယ်

စသဖြင့် ငါ လျှောက်ကြွယ်နေဖို့ ကောင်းပေမယ့်
လက်ဝါးနှစ်ဖက်ကို အဆက်မပြတ် ပွတ်တိုက်ရင်း
မီးပြန်လာဖို့သာ အခါခါ စိတ်ညွတ်ခဲ့မိပါတယ် 
 ဓာတ်ကြိုးတွေကြားက မြင်ရတဲ့ ကြယ်များလများ အပေါ်
ကမ္ဘာဦးလူသားများနည်းတူ ငါတို့လည်း အရိုအသေမပျက်

နောင်သောအခါမှာ နံရံကနေ လက်ညှိုးတစ်ချောင်း ထပ်ထွက်လာပြီး
နောင်လာနောင်သားတွေကို စောင့်ရှောက်လိမ့်မယ်
ပြီးတော့ ထူးမခြားနားအနေနဲ့ မီးပြန်လာတဲ့အခါ
သူတို့လည်း ဟေးခနဲ အော်ဟစ်ပျော်ရွှင်နေလိမ့်မယ်။ ။

- ဏေသစ်

No comments:

Post a Comment