Friday, April 12, 2019

ျမစ္ေစာင့္နတ္

( ဒီစာတန်းကို ဖတ်လို့ ရမယ်ဆိုရင် Unicode နဲ့ ရေးထားတာကို အောက်မှာ ဖတ်နိုင်ပါတယ်)

 ျမစ္ေစာင့္နတ္

အရာရာဟာ သူ႔ဆီကပဲ လာခဲ့တယ္
ခင္မင္သူေတြ ေသလြန္ၿပီးလို႔ ႏွစ္ ေထာင္ခ်ီလြန္ခဲ့ေပမယ့္
ျမင္ေနရတဲ့ ကာလဟာ ဘဝနဲ႔ တဆက္တည္း။
တစ္ခုခုကို ေမးေပမယ့္ အေျဖျပန္မရတဲ့ အခါမ်ိဳးေတြမွာ
ကိုးကြယ္သူတို႔ အလြန္ ေန႔ေတြ ေရာက္လာတာကို
သတိရဖို႔ဟာ တကိုယ္တာ ေနထိုင္မႈအတြက္
အေရးႀကီးပါတယ္။ မ်ိဳးစိတ္သစ္တို႔ဟာ
သူ မပိုင္ေတာ့ေသာ သဲေသာင္ေၾကမြပမာ
မွတ္ဉာဏ္မ်ားပါပဲ။ ေအာ္သံေတြကို
ဘုရားမွာ တခါ လွဴၿပီးခဲ့တာ ဘယ္ေသာအခါမွ
ျပန္လည္ျပင္ဆင္မရ၊ တစ္ခုေသာ ဘဝက
ဆည္းလည္းေတြ လႈပ္ခတ္ေစတဲ့ တိုက္ေလဟာ
အျဖစ္ပ်က္ေဟာင္းေတြထဲက အသံေတြကိုသာ
ေရြးခ်ယ္ႏုတ္ယူသြားၿပီး ျမင္ကြင္းခ်ည္း
ခ်န္ထားခဲ့တာကိုလည္း တားမရ။
ေစာင့္ေ႐ွာက္ရေသာ ျမစ္ဟာ ေနပုံထိုင္နည္းကို
ၫႊန္ၾကားတယ္ဆိုေပမယ့္လည္း ကိုယ့္ဖက္က
အနက္ေကာက္ဖို႔ကို အားထုတ္ရျပန္ပါတယ္။
ဥပမာအားျဖင့္ ျမစ္သည္ ယူတာေတြကို
ျပန္မေပးတတ္တာမို႔ ျမစ္ေစာင့္နတ္အျဖစ္က
ပါးလ်လာရတာမ်ိဳး။ သို႔ေသာ္ ဒါေတြ ျဖစ္ၿပီးသည့္တိုင္
အၿပီးသတ္ မပ်က္ျပယ္သြားႏိုင္ခဲ့တာ။
တစ္ခုေသာ နယ္ေျမလု စစ္ပြဲငယ္တစ္ခုမွာ
နတ္ကြန္းၿပိဳက်သြားရာကစ ရာစုခုႏွစ္ခုတိုင္တိုင္
ျမင္ကြင္းသက္သက္ မွတ္ဉာဏ္ေတြမွာ
တလွည့္စီေနထိုင္ခဲ့ရတယ္ ဆိုေပမယ့္
ဒါေတြသည္လည္း ေရစီးေတြထက္ မပိုလွ။
အခုထက္ ပို လိုခ်င္လို႔ မရတာနဲ႔ အခုထက္ ေလ်ာ့
လိုခ်င္လို႔ မရတာႏွစ္ခုမွာ သက္တမ္းႏွစ္ခုစာ
တၿပိဳင္တည္းေနထိုင္ခဲ့ၿပီးသူမွသာ အျဖစ္အပ်က္တခ်ိဳ႕ကို
ျပန္ေဖာ္ျပႏိုင္မယ္၊ ဒါသည္လည္း အခြင့္ၾကဳံမွပါပဲ။
ခုဆို အသံမဲ့တဲ့ ဘုံဘဝရဲ႕ ျမစ္ကမ္းနဖူးမွာ
ျမစ္ေစာင့္နတ္ ႐ွိေနတတ္ၿပီ။ ႏွစ္ေပါင္းေထာင္ခ်ီ
မွတ္ဉာဏ္ အစိတ္အပိုင္းတို႔သည္ တစကၠန္႔ၿပီး
တစကၠန္႔၊ တရက္ၿပီးတရက္ သူ႔ဆီမွ
ထြက္ခြာသြားတာ၊ ဒီအစိတ္အပိုင္းေတြကမွ
ဝတ္ျပဳဆက္ကပ္ျခင္းမ႐ွိ သက္႐ွိ အသစ္ေတြ
ေပါက္ဖြားလာေနတာကို ေနဝင္ခ်ိန္မ်ားလို
သူ ၾကည့္ေနတတ္ပါၿပီ။
ဒါ ကိုးကြယ္သူတို႔ အလြန္၊ အသံနဲ႔
မွတ္ဉာဏ္မ်ား အလြန္ ေန႔ေတြဆီကပါပဲ၊
ဒါ ျမစ္ေစာင့္နတ္ပါပဲ ။ ။
- ေဏသစ္
၂၃/၁၂/၂၀၁၈

---------------------------------------------------------------------

 မြစ်စောင့်နတ်

အရာရာဟာ သူ့ဆီကပဲ လာခဲ့တယ်
ခင်မင်သူတွေ သေလွန်ပြီးလို့ နှစ် ထောင်ချီလွန်ခဲ့ပေမယ့်
မြင်နေရတဲ့ ကာလဟာ ဘဝနဲ့ တဆက်တည်း။
တစ်ခုခုကို မေးပေမယ့် အဖြေပြန်မရတဲ့ အခါမျိုးတွေမှာ
ကိုးကွယ်သူတို့ အလွန် နေ့တွေ ရောက်လာတာကို
သတိရဖို့ဟာ တကိုယ်တာ နေထိုင်မှုအတွက်
အရေးကြီးပါတယ်။ မျိုးစိတ်သစ်တို့ဟာ
သူ မပိုင်တော့သော သဲသောင်ကြေမွပမာ
မှတ်ဉာဏ်များပါပဲ။ အော်သံတွေကို
ဘုရားမှာ တခါ လှူပြီးခဲ့တာ ဘယ်သောအခါမှ
ပြန်လည်ပြင်ဆင်မရ၊ တစ်ခုသော ဘဝက
ဆည်းလည်းတွေ လှုပ်ခတ်စေတဲ့ တိုက်လေဟာ
အဖြစ်ပျက်ဟောင်းတွေထဲက အသံတွေကိုသာ
ရွေးချယ်နုတ်ယူသွားပြီး မြင်ကွင်းချည်း
ချန်ထားခဲ့တာကိုလည်း တားမရ။
စောင့်ရှောက်ရသော မြစ်ဟာ နေပုံထိုင်နည်းကို
ညွှန်ကြားတယ်ဆိုပေမယ့်လည်း ကိုယ့်ဖက်က
အနက်ကောက်ဖို့ကို အားထုတ်ရပြန်ပါတယ်။
ဥပမာအားဖြင့် မြစ်သည် ယူတာတွေကို
ပြန်မပေးတတ်တာမို့ မြစ်စောင့်နတ်အဖြစ်က
ပါးလျလာရတာမျိုး။ သို့သော် ဒါတွေ ဖြစ်ပြီးသည့်တိုင်
အပြီးသတ် မပျက်ပြယ်သွားနိုင်ခဲ့တာ။
တစ်ခုသော နယ်မြေလု စစ်ပွဲငယ်တစ်ခုမှာ
နတ်ကွန်းပြိုကျသွားရာကစ ရာစုခုနှစ်ခုတိုင်တိုင်
မြင်ကွင်းသက်သက် မှတ်ဉာဏ်တွေမှာ
တလှည့်စီနေထိုင်ခဲ့ရတယ် ဆိုပေမယ့်
ဒါတွေသည်လည်း ရေစီးတွေထက် မပိုလှ။
အခုထက် ပို လိုချင်လို့ မရတာနဲ့ အခုထက် လျော့
လိုချင်လို့ မရတာနှစ်ခုမှာ သက်တမ်းနှစ်ခုစာ
တပြိုင်တည်းနေထိုင်ခဲ့ပြီးသူမှသာ အဖြစ်အပျက်တချို့ကို
ပြန်ဖော်ပြနိုင်မယ်၊ ဒါသည်လည်း အခွင့်ကြုံမှပါပဲ။
ခုဆို အသံမဲ့တဲ့ ဘုံဘဝရဲ့ မြစ်ကမ်းနဖူးမှာ
မြစ်စောင့်နတ် ရှိနေတတ်ပြီ။ နှစ်ပေါင်းထောင်ချီ
မှတ်ဉာဏ် အစိတ်အပိုင်းတို့သည် တစက္ကန့်ပြီး
တစက္ကန့်၊ တရက်ပြီးတရက် သူ့ဆီမှ
ထွက်ခွာသွားတာ၊ ဒီအစိတ်အပိုင်းတွေကမှ
ဝတ်ပြုဆက်ကပ်ခြင်းမရှိ သက်ရှိ အသစ်တွေ
ပေါက်ဖွားလာနေတာကို နေဝင်ချိန်များလို
သူ ကြည့်နေတတ်ပါပြီ။
ဒါ ကိုးကွယ်သူတို့ အလွန်၊ အသံနဲ့
မှတ်ဉာဏ်များ အလွန် နေ့တွေဆီကပါပဲ၊
ဒါ မြစ်စောင့်နတ်ပါပဲ ။ ။

- ဏေသစ်
၂၃/၁၂/၂၀၁၈

No comments:

Post a Comment