Monday, April 4, 2016

အိမ်ကို ပြန်လာတဲ့ လမ်းမှာပဲ မင်း သေသွားတယ်။ 

ကားအက်ဆီးဒန့် ဖြစ်တာပါ။ ဘာမှ အဆန်းတကြယ် မဟုတ်ပေမယ့် အသက်တော့ သေသွားတယ်ပေါ့။ မင်း မိန်းမနဲ့ ကလေးနှစ်ယောက် ကို ထားရစ်ခဲ့ရတယ်။ နာကျင်မှုတောင် သိပ်မခံစားလိုက်ရဘဲ ဒီအတိုင်း သေသွားတယ်။ အရေးပေါ်ဌာနကလည်း မင်းအသက်ကို ကယ်နိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘူး။ မင်း ခန္ဓာကိုယ်ကြီးလည်း အစိတ်စိတ်အမြွာမြွာဖြစ်တဲ့ အထိ ပျက်စီးနေတော့ကာ အဲဒါကြီးကို ချန်ခဲ့ရတာကမှ မင်းအတွက် ကောင်းပါသေးတယ်။ ငါ တကယ်ပြောတာ ။ 

အဲဒီ အချိန်မှာ မင်း ငါ့ကို တွေ့တာပဲ။

“ ကျွန်တော် … ကျွန်တော် ဘာဖြစ်သွားတာလဲဟင် … အခု ဒါ ဘယ်ရောက်နေတာလဲ “

“ မင်း သေသွားတာ “ ငါ အရှိကို အရှိအတိုင်း ဖြေလိုက်တယ်။ သိပ်မခံစားရအောင်ဆိုပြီး စကားလုံးတွေကို လှည့်ပတ်ပြောနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူးလေ။

“ ထရပ်ကားကြီးလေ.. ကျွန်တော့် ဆီ တည့်တည့်ကြီး … “

“ ဟုတ်တယ်။ ဒါပေမယ့် စိတ်မကောင်း မဖြစ်ပါနဲ့။ လူတိုင်း သေကြတာကြီးပဲ”

မင်းက ဘေးဘီဝဲယာကို လိုက်ကြည့်နေတယ်။ ဘာမှ မရှိဘူး။ မင်းနဲ့ ငါပဲ ရှိနေတယ်။ “ ဒါ ဘယ်ရောက်နေတာလဲ” မင်းက မေးတယ်။ “ ဒါ တမလွန်ဘဝလား “

“ ဆိုပါတော့”

“ခင်ဗျားက ဘုရားသခင်လား “

“ ဟုတ်တယ်။ ငါက ဘုရားသခင်ပဲ “

“ကျွန်တော့် မိန်းမနဲ့ ကလေးတွေရော” မင်းက မေးတယ်။ “ သူတို့ ဘယ်လိုနေလဲဟင်။ အဆင်ပြေမှ ပြေပါ့မလား “

“ဒါတော့ ငါ စောင့်ကြည့်ချင်တဲ့ အပိုင်းပဲ။ မင်းက သေတာမှ မကြာသေးဘူး။ မင်းမိသားစုအတွက် လာစိတ်ပူနေတယ်။ သူတို့ အခြေအနေကောင်းပါတယ်လေ “

မင်းက ငါ့ကို အထူးအဆန်းလို လိုက်ကြည့်နေတယ်။ မင်းအတွက်တော့ ငါက ဘုရားသခင်နဲ့ မတူဘူး။ သာမန်လူယောက်ျားတစ်ယောက် .. ဒါမှမဟုတ် သာမန်မိန်းမတစ်ယောက်လည်း ဖြစ်ရင် ဖြစ်မှာပေါ့လေ … အဲဒီပုံစံမျိုး ပေါက်နေတယ်။ ဘာမှန်းသဲသဲကွဲကွဲ မသိရတဲ့ အကြီးအကဲတစ်ယောက် ပုံ ပေါက်နေမယ်။ တန်ခိုးတော်အနန္တနဲ့ ဘုရားသခင်ပုံစံမဟုတ်ဘဲ ကျောင်းမှာ သဒ္ဒါသင်တဲ့ ဆရာ တစ်ယောက်နဲ့တောင် ပိုတူနေမယ်။

“ စိတ်မပူပါနဲ့” လို့ ငါပြောလိုက်တယ်။ “ သူတို့ အဆင်ပြေပါလိမ့်မယ်။ မင်းရဲ့ ကလေးတွေက မင်းကို အဘက်ဘက်က ကောင်းမွန်ခဲ့သူ တစ်ယောက်အနေနဲ့ အမှတ်ရနေကြလိမ့်မယ်။ သူတို့မှာ မင်းကို အလိုမကျဖြစ်စရာ အချိန်မှ မရှိခဲ့တာ။ မင်း အမျိုးသမီးကလည်း အပြင်ပန်းမှာ ငိုကြွေးနေပေမယ့် စိတ်ထဲမှာတော့ ကြိတ်ပြီး အေးအေးဆေးဆေး ဖြစ်နေလိမ့်မယ်။ အေးလေ … တကယ်ကတော့ မင်းတို့ အိမ်ထောင်ရေးက တဖြည်းဖြည်း ပျက်ယွင်းနေခဲ့တာပဲ။ နှစ်သိမ့်ဖို့ စကားတစ်ခုခု ရှာရမယ်ဆိုရင်တော့ အဲဒီလို သက်တောင့်သက်သာ ဖြစ်နေမိတဲ့အတွက် မင်းအမျိုးသမီးကိုယ်တိုင်လည်း သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားနေရလိမ့်မယ် “

“ အိုး … အဲဒါဆိုရင် အခု ဘာ ဖြစ်မှာလဲ။ ကျွန်တော်ကရော ကောင်းကင်ဘုံလား ၊ ငရဲလား ၊ ဘယ်ကို သွားရမှာလဲ”

“ ကောင်းကင်ဘုံလည်း မဟုတ်ဘူး ။ ငရဲလည်း မဟုတ်ဘူး ။ မင်းက ပြန်ဝင်စားရမှာ “

“ အာ… အဲဒါဆို ဟိန္ဒူတွေပြောတာ မှန်တာပေါ့ “

“ ဘာသာတိုင်းက သူ့ နည်းသူ့ဟန်နဲ့ သူတော့ မှန်ကြတာတွေကြီးပဲ " လို့ ငါပြောလိုက်တယ်။ " လာ … ငါနဲ့ လမ်းလိုက်လျှောက်ပါ”

မင်းက ငါနဲ့ အတူ ဟင်းလင်းပြင်ကြီးထဲမှာ ခြေလှမ်းကျဲကျဲနဲ့ လမ်းလိုက်လျှောက်တယ်။ “ ကျွန်တော်တို့ ဘယ်ကို သွားနေကြတာလဲ”

“ ဘယ်မှ ရယ်လို့တော့ မဟုတ်ပါဘူး။ ဒီလိုပဲ … လမ်းလျှောက်ရင်း စကားပြောရတာ သဘောကျလို့”

“ အဲဒါဆိုရင် ဘယ်လို သဘောလဲဟင်”လို့ မင်းက မေးတယ်။ “ ကျွန်တော် နောက်တစ်ကြိမ် ပြန်မွေးဖွားလာတဲ့ အခါကျရင် လုံးဝ ဗလာသက်သက်နဲ့ ဖြစ်နေမှာလား ။ ကလေးလေး ဖြစ်နေမှာပေါ့နော် ။ အဲဒီကျတော့ ကျွန်တော့် အတွေ့အကြုံတွေ ၊ ဒီဘဝမှာ လုပ်ခဲ့သမျှတွေက ဘာမှ အရေးမပါတော့ဘူးပေါ့ “

“အဲဒီလိုတော့လည်း မဟုတ်သေးပါဘူး။ မင်းမှာ အတိတ်ဘဝတွေ အားလုံးက ရခဲ့တဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေ အားလုံး ရှိနေတုန်းပါပဲ။ အခုအချိန်မှာ အဲဒါတွေကို မမှတ်မိတာပဲ ရှိတယ်”

ငါ လမ်းလျှောက်နေတာကို ရပ်ပြီး မင်းပခုံးတွေကို လှမ်း ဆုပ်ကိုင်လိုက်တယ် ။ “မင်းရဲ့ ဝိဉာဉ်ဟာ မင်း ထင်ထားတာထက် ပိုပြီး ထူးခြားလှပပြီး ပိုလည်း ကြီးမားတယ်။ လူ့ စိတ်ဟာ မင်းတကယ် ဖြစ်တည်နေတာရဲ့ အစိတ်အပိုင်း အသေးလေးတစ်ခုပဲ။ အဲဒါက ဘာနဲ့တူလဲဆိုတော့ ရေပူလား၊အေးလား သိရအောင် မင်းလက်ချောင်းလေးကို ရေဖန်ခွက်ထဲ နှစ်ကြည့်တဲ့ သဘောပဲ။ မင်းဟာ မင်းရဲ့ တစ်စိတ်တစ်ပိုင်းကို အခွံတစ်ခုထဲ ထည့်ကြည့်တယ်။ အဲဒီ အစိတ်အပိုင်းကို ပြန်ထုတ်ယူလိုက်တဲ့ အခါမှာတော့ အဲဒီမှာ ရှိတဲ့ တွေ့ကြုံခံစားမှု အားလုံးကို မင်း ရလိုက်တာပဲ “

“ ပြီးခဲ့တဲ့ ၄၈နှစ်လုံးမှာ မင်းဟာ လူ့အဖြစ်ကို ရရှိထားခဲ့တယ်။ ဒါကြောင့် အဲဒီလူ့အဖြစ်ရဲ့ အပြင်ဘက်ကို ဆန့်ထွက်ပြီး မင်းရဲ့ အံ့သြစရာကောင်းလောက်အောင် ကြီးမားတဲ့ အသိဉာဏ်ကို မခံစားမိခဲ့နိုင်တာ။ အခု ငါတို့ ဒီမှာ အချိန်ကြာအောင် ဆက်နေမယ်ဆိုရင် မင်းက အားလုံးကို တဖြည်းဖြည်း မှတ်မိလာလိမ့်မယ်။ ဒါပေမယ့် ဘဝတစ်ခုနဲ့ တစ်ခုအကြားမှာ ဒါမျိုးလုပ်လို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”

“အဲဒါဆို ကျွန်တော် ဘဝတွေ ဘယ်နှစ်ခုလောက် ဝင်စားခဲ့ပြီးပြီလဲ”

“အိုး… အများကြီးပေါ့ ။ အများကြီးမှ အများကြီးပဲ။ ဘဝတွေကလည်း အမျိုးမျိုးပဲ။ ဒီ တစ်ကြိမ်မှာ ဆိုရင် မင်းဟာ အေဒီ ၅၄၀ က တရုတ်ကောက်စိုက်သမလေး ဖြစ်လိမ့်ဦးမယ် “

“အဲ .. ဘယ်လို ပြောလိုက်တယ်။ ကျွန်တော့်ကို အတိတ်ကို ပြန်ပို့မလို့လား “

“ အတိတ်လို့ပဲ ပြောရမယ်လို့ ထင်တယ်။ မင်းသိတဲ့အတိုင်းပဲ အချိန်ဆိုတာ မင်းရဲ့ စကြဝဠာမှာပဲ ရှိတာ။ ငါလာခဲ့တဲ့ နေရာမှာဆို အဲဒါတွေနဲ့ တခြားစီပဲ “

“ခင်ဗျားက ဘယ်က လာတာလဲ” လို့ မင်းက မေးတယ်။

“ အိုး …. တစ်နေရာရာက ပေါ့ကွာ။ ဒီနေရာက မဟုတ်တဲ့ တစ်နေရာရာက ။ ပြီးတော့ ငါ့လို တခြားသူတွေလည်း ရှိတယ်။ အဲဒီမှာ ဘယ်လိုတွေ ရှိမလဲလို့ မင်းသိချင်နေမှန်း ငါ သိပါတယ်။ ဒါပေမယ့် တကယ်ပြောရရင် မင်း နားလည်မှာ မဟုတ်ပါဘူး “

“အင်း ..” နည်းနည်း စိတ်ဓာတ်ကျသွားတဲ့ ပုံနဲ့ မင်းက ပြောတယ်။ “ ဒါနဲ့ နေပါဦး ။ တကယ်လို့ ကျွန်တော်က ဒီအချိန်ကာလကြီးထဲက တခြားနေရာတွေမှာ ပြန်ဝင်စားနိုင်တယ်ဆိုတော့ တချို့နေရာတွေမှာ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ပြီး တွေ့ဆုံမိ၊ ပြောဆိုဆက်ဆံမိတာမျိုးတွေ ဖြစ်နိုင်တာပေါ့ “

“သေချာတာပေါ့။ အမြဲတမ်း ဒီလို ဖြစ်နေတာပဲ။ ပြီးတော့ မင်းရဲ့ ဘဝနှစ်ခုလုံးဟာ ကိုယ့်ဘဝ၊ကိုယ့်သက်တမ်းနဲ့ ကိုယ် သွားနေတဲ့ အခါကျတော့ အဲဒီလို ဖြစ်လို့ ဖြစ်နေမှန်း မင်း မသိဘူးလေ “
“ ဒါဆို အဲဒါတွေ အားလုံးက ဘာအဓိပ္ပာယ်လဲ “

“ တကယ်မေးနေတာလား။ မင်းက ငါ့ကို ဘဝရဲ့ အဓိပ္ပာယ်အကြောင်း တကယ်မေးနေတာလား။ နည်းနည်း သမားရိုးကျဆန်မနေဘူးလား “

“ ကျိုးကြောင်းဆီလျော်တဲ့ မေးခွန်းပဲလေ” လို့ မင်းက အခိုင်အမာ ဆက်ပြောနေတယ်။

ငါ မင်းမျက်လုံးတွေကို စိုက်ကြည့်တယ်။ “ ဘဝရဲ့ အဓိပ္ပာယ် ၊ ဒီ စကြဝဠာကြီးကို ငါ ဖန်တီးရတဲ့ ရည်ရွယ်ချက်ဟာ မင်းကို ရင့်ကျက်လာစေဖို့ပဲ “

“ လူသားမျိုးနွယ်ကို လို့ ခင်ဗျားပြောချင်တာလား။ ခင်ဗျားက ကျွန်တော်တို့ကို ရင့်ကျက်လာစေချင်တာလား”

“မဟုတ်ဘူး ။ မင်းတစ်ယောက်ပဲ။ ငါ ဒီစကြဝဠာကြီးကို မင်းအတွက်ပဲ ဖန်တီးခဲ့တာ ။ ဘဝအသစ်တွေ တစ်ခုပြီးတစ်ခု ဖြတ်သန်းလာပြီးတဲ့ အခါ မင်းက ပိုပြီး ရင့်ကျက်လာမယ်။ ပိုပြီး ဉာဏ် ရင့်သန်လာမယ်လေ “
“ ကျွန်တော်တစ်ယောက်တည်းလား။ ကျန်တဲ့ လူတွေ ကျတော့ရော “

“တခြားလူရယ်လို့ မရှိဘူး။ ဒီ စကြဝဠာထဲမှာ မင်းနဲ့ ငါပဲ ရှိတယ်”

မင်းက ငါ့ကို ကြောင်ငေးကြည့်နေတယ်။ “ ဒါပေမယ့် ဒီကမ္ဘာထဲက လူတွေ အားလုံး … “

“ အားလုံးက မင်းပဲ ။ မင်း ဝင်စားထားတဲ့ ပုံစံအမျိုးမျိုးနဲ့ လူတွေချည်းပဲ”

“ဟင် … လူတိုင်းဟာ ကျွန်တော်ပဲပေါ့။ ဟုတ်လား “

“ အခု မင်းသဘောပေါက်သွားပြီ” မင်း ပခုံးကို ဂုဏ်ပြုတဲ့သဘောနဲ့ လှမ်းပုတ်ရင်း ငါ ပြောလိုက်တယ်။

“ အသက်ရှင်ခဲ့သမျှ လူတိုင်းဟာ ကျွန်တော်ပဲပေါ့ “

“ဟုတ်တယ်။ ပြီးတော့ နောက်ထပ် အသက်ရှင်မယ့် လူတိုင်းဟာလည်း မင်းပဲ “

“ အေဘရာဟင်လင်ကွန်းက ကျွန်တော်လား “

“ ဟုတ်တယ်။ ဂျွန်ဝိုက်ခ်စ်ဘုသ် လည်း မင်းပဲ “ [ဂျွန်ဝိုက်ခ်စ်ဘုသ် = လင်ကွန်းအား လုပ်ကြံသူ]

“ ဟစ်တလာလည်း ကျွန်တော်ပဲလား “ တုန်လှုပ်ခြောက်ခြားသွားတဲ့ ပုံနဲ့ မင်းက မေးတယ်။

“ဒါတင် မကဘူး။ သူသတ်ခဲ့တဲ့ လူသန်းပေါင်းများစွာကလည်း မင်းပဲ “

“ ယေရှုက ကျွန်တော်လား “

“ သူ့နောက်လိုက်တိုင်းကလည်း မင်းပဲလေ “

မင်းက စကားမပြောဘဲ တိတ်သွားတယ်။

“ လူတစ်ယောက်ယောက်ကို နိုင်ထက်စီးနင်းလုပ်တဲ့ အခါတိုင်းမှာ မင်းဟာ မင်းကိုယ်မင်း နိုင်ထက်စီးနင်း လုပ်နေတာပဲ။ ကြင်နာသနားတဲ့ အပြုအမူတွေ မင်း လုပ်ခဲ့ရင်လည်း အဲဒါ မင်းအပေါ်မင်း ပြုမူနေတာပဲ။ လူသားတိုင်း ကြုံတွေ့ဖြတ်သန်းခဲ့တဲ့၊ဖြတ်သန်းရမယ့် ပျော်ရွှင်စရာ၊ ကြေကွဲစရာ အတွေ့အကြုံတိုင်းကလည်း မင်း ကြုံရမှာတွေ ချည်းပဲ “

မင်းက အကြာကြီး စဉ်းစားနေတယ်။

“ဘာလို့လဲ” မင်းက ငါ့ကို မေးတယ်။ “ဘာလို့ ဒါတွေအားလုံးကို လုပ်ခဲ့ရတာလဲ”

“ ဘာလို့လဲဆိုတော့ တစ်ချိန်ကျရင် မင်းက ငါ့လို ဖြစ်လာမှာ မို့ပဲ။ မင်းဟာ အဲဒီလို ဖြစ်လာမှာပဲ။ မင်းက ငါနဲ့ တစ်မျိုးတစ်စားထဲ မို့ပဲ။ မင်းဟာ ငါ့ရဲ့ ရင်သွေးပဲ “

“ ဝိုး” မယုံကြည်နိုင်တဲ့ ပုံစံနဲ့ မင်းက ပြောတယ်။ “ အဲဒါဆို ကျွန်တော်လည်း ဘုရားသခင် တစ်ပါးပဲလား “

“ ဟင့်အင်း ။ လောလောဆယ်တော့ မဟုတ်သေးဘူး ။ မင်းဟာ သန္ဓေသားလောင်းပဲ။ မင်းက တဖြည်းဖြည်း ရင့်မာလာနေတုန်းပဲ။ အချိန်ကာလတစ်လျှောက်လုံးမှာ ရှိသမျှ လူ့ဘဝတွေ အားလုံးမှာ နေထိုင်ခဲ့ပြီးပြီဆိုမှ မင်းကို မွေးဖွားပစ်နိုင်မယ့် အရွယ်မျိုး ရောက်လာမှာ “

“အဲဒါဆို စကြဝဠာကြီး တစ်ခုလုံးက …”

“ ဥ တစ်လုံးပဲ” လို့ ငါ ပြန်ဖြေလိုက်တယ်။ “ အခု မင်း နောက်ဘဝတစ်ခှုမှာ ဆက်နေထိုင်ဖို့ အချိန်ကျပြီ”

အဲဒီနောက်မှာ ငါ မင်းကို သွားရမယ့် လမ်းအတိုင်း ပို့လွှတ်လိုက်တော့တယ်။ ။

- ဏေသစ်
(“ Andy Weir” ၏ “ The Egg “ ကို ပြန်ဆိုသည်)

No comments:

Post a Comment