Friday, July 22, 2016

မိုးညများ

မိုး
ရေ
တွေ
တစ်
စက်
နဲ့
တစ်
စက်
ဆက်
သွား
ပြီး လိုင်းတွေဖြစ်လာတယ်။ ခုံးထရုန်းကြွလာတဲ့ လှိုင်းတွေ။


တွန့်ခေါက်ပြာနှမ်းနေသော နောက်ဆုံး အဆင့် လူမမာရဲ့
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးဆုပ်အတွင်းက
စိတ်မပျော်ခြင်း အကျိုးအကြေ။ ပျောက်သွားတဲ့
ပစ္စည်းတွေတိုင်းဟာ ပုံစံတစ်မျိုးမျိုးနဲ့ ပြန်လာသည် ဆိုသော်ငြားလည်း
ငါတို့ ပျောက်ဆုံးခဲ့တယ်လို့ မှတ်မိနေခဲ့ရတာက
ငါတို့ မမှတ်မိတော့တဲ့ မူလပုံစံတစ်ခုခု။ မရောက်နိုင်တော့တဲ့
အရပ်တွေဆီ ပြန်လာချင်စိတ်ဟာ
ဆက်သွယ်မှုကို ဖန်တီးပေးတယ်။
အဆက်မပြတ် ရွတ်ဖတ်သရဇ္ဇာယ်မှုထဲ
လူမမာရဲ့ အသက်ဟာ တစ်စက်ချင်း ချိတ်တန်းနေတယ်။
အခုလို အခဲလိုက် တိုက်နေတဲ့ လေတွေ ကြားထဲမှာ
လူတွေလို လူတွေလို လူတွေ အများကြီး ပျောက်သွားခဲ့တာ။
တမဟုတ်ချင်း အငွေ့ပျံသွားပြီး
ပျော်ပွဲရွှင်ပွဲတွေ အဖြစ်နဲ့ ပြန်ရွာကျလာတာ၊ ဝိုင်ခွက်ရောင်စုံတွေ
မြောက်တိုက်ပြီး ကောင်းချီးဩဘာ ပေးကြတာ။
လူသူဆိတ်သုဉ်းရာ လေထုထဲမှာ လမ်းပျောက်နေတဲ့
လက်တွေကို လိမ်ကျစ်ထား။ ခေါင်းတွေကို ခေါင်းတွေကို
ခေါင်းတွေလို မော့ထား။ မနက်ဖြန်မှာ မသိကိန်းတစ်ခုခု
မျှော်နေခဲ့သလို ရောက်လာပြီး မောနေတဲ့ မျက်နှာတွေကို မေ့ပစ်ဖို့ မှာတော့မှာ။
ရူးနေတဲ့ နတ်သားတွေ ရံဖန်ရံခါ ဘုံဗိမာန်တွေဆီ မပြန်နိုင်ကြတော့တဲ့အခါ
ပြာနှမ်းသော အချိန်ကာလရဲ့ စွတ်စိုတိမ်းစောင်းတဲ့
ဖျားယောင်းမှုထဲမှာ။ ။


- ဏေသစ်
14/07/2016

No comments:

Post a Comment