Tuesday, September 26, 2017

အတွင်းခံ



အတွင်းခံတွေအကြောင်း စဉ်းစားရင်းနဲ့
မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူး
အတွင်းခံတွေ အကြောင်း
ဒြပ်မဲ့ဆန်ဆန် အချိန်ယူ စဉ်းစားဖူးလား
ဒီအကြောင်း နက်နက်နဲနဲတွေးတဲ့အခါ
ရှော့ခ်ရစရာ မေးခွန်းတွေ တွေ့လာမယ်
လူတိုင်းလူတိုင်း အတွင်းခံ တမျိုးမျိုးတော့
ဝတ်ကြတာပဲ
ပုပ်ရဟန်းမင်းကြီးလည်း အတွင်းခံဝတ်မယ်လို့
ကိုယ် ထင်တယ်
လူဝီစီယားနား မြို့တော်ဝန်လည်း
အတွင်းခံဝတ်တယ်
သူ့ကို တီဗွီမှာ တွေ့တယ်
သူ့အတွင်းခံက ကျပ်ထုပ်နေတာ ဖြစ်မယ်
သူ အရမ်း ဂနာမငြိမ် တွန့်လိမ်နေတယ်
အတွင်းခံတွေက မမြင်နိုင်အောင် တကယ် ဖုံးကွယ်ထားနိုင်တယ်
အမျိုးသားသုံး ၊ အမျိုးသမီးသုံး အတွင်းခံကြော်ငြာတွေ
တွေ့ဖူးလိမ့်မယ်
တစ်ခုနဲ့ တစ်ခု တူလွန်းသလောက်
ကွဲလည်း ကွဲပြားလွန်းတယ်
အမျိုးသမီးအတွင်းခံတွေက ပင့်တင်ထောက်ပံ့ပေးတယ်
အမျိုးသားအတွင်းခံတွေက နှောင်တည်းထိန်းချုပ်တယ်
အတွင်းခံဟာ အမျိုးသားနဲ့ အမျိုးသမီးတွေကြား
ဘုံပိုင်တဲ့ တစ်ခုသောအရာ
အတွင်းခံဟာ တို့များကြားမှာ
ရှိရှိသမျှသော အရာ
သုံးရောင်ခြယ် ဓာတ်ပုံတွေမြင်ဖူးလိမ့်မယ်
ပံ့ပိုးမှုအားဖြည့်ထားတဲ့ နေရာတွေကို ပြဖို့
ဂွ ကြားကို စက်ဝိုင်း ဝိုင်းထားတဲ့၊
လွတ်လပ်စွာ လှုပ်ရှားနိုင်မှုအတွက် အာမခံ ထားတဲ့
အနားသုံးဘက်ဆွဲဆန့်နိုင်မှုနဲ့ ဓာတ်ပုံတွေလေ
အလှည့်စားမခံပါနဲ့
အကုန်လုံးဟာ လွတ်လပ်စွာရွေးချယ်ခွင့် သိပ်မရှိတဲ့
နှစ်ပါတီစနစ် ပေါ် အခြေခံထားတာချည်းပဲ
နေရာတကာမှာ ဖွဲ့စည်းထားတဲ့ နည်းတူပေါ့
အမေရိကဟာ သူ့ရဲ့အတွင်းခံအတွင်းမှာ
ညလုံးပေါက် လူးလိမ့်ရုန်းကန်နေတယ်
နောက်ဆုံးမှာတော့ အတွင်းခံတွေက
အစစအရာရာကို ထိန်းချုပ်ကြတာပဲ
ဥပမာ- အောက်ခြေအုတ်မြစ် အဝတ်အထည်တွေ၊
ဒင်းတို့တွေဟာ လူတွေကို အမှန်တရားက လွဲပြီး
ကျန်တာအားလုံးကို ယုံကြည်စေတဲ့
အန်ဒါဂရောင်းမြေအောက်အစိုးရရဲ့
ဖက်ဆစ်ဝါဒ မူဘောင်စစ်စစ်တွေ
သင့်ကို ဘာ​တော့ လုပ်နိုင်တယ်၊ ဘာ​တော့ မလုပ်နိုင်ဘူး ပြောနေမယ်
ဗိုက်ချပ်ခါးစည်း စမ်း ဝတ်ကြည့်ဖူးလား
အကြမ်းမဖက်တဲ့ နည်းသာ
တစ်ခုတည်းသော အဖြေ ဖြစ်ကောင်းဖြစ်မယ်
ဂန္ဒီက ဗိုက်ချပ်ခါးစည်းဝတ်လား
လေဒီ မက္ကဘက်သ်ရော ဗိုက်ချပ်ခါးစည်းဝတ်လား
သူမ အမြဲပွတ်သပ်နေတဲ့ နေရာအမှတ်အသားက
သူမ အတွင်းခံထဲမှာလား
မော်ဒန်ခေတ် အန်ဂလိုဆက်ဆွန် အမျိုးသမီးတွေမှာ
အပြစ်ရှိခံစားချက်ကြီးတွေ ရှိခဲ့မှာပဲ
အဲဒီ စောက်ပြဿနာ အမှတ်နေရာကို
အမြဲ ဆေးကြောရင်း ၊ ဆေးကြောရင်း
ဆေးကြောနေရင်းနဲ့
အမှတ်အစက်တွေနဲ့ အတွင်းခံဟာ အင်မတန် သံသယ ဝင်စရာ
အဖောင်းအကြွတွေနဲ့ အတွင်းခံဟာ အင်မတန် အော်ဂလီ ဆန်စရာ
အဝတ်ကြိုးတန်းပေါ်က အတွင်းခံဟာ လွတ်လပ်မှုရဲ့ မဟာအလံ
တစ်ယောက်ယောက်ဟာ သူ့အတွင်းခံဆီက လွတ်မြောက်ခဲ့ပြီ
တစ်နေရာမှာ အဝတ်ဗလာနဲ့ ရှိချင်ရှိနေမယ်
ကယ်ကြပါဦး !
ဒါပေမယ့် မပူပါနဲ့
လူတိုင်းဟာ အတွင်းခံ မှာ ထိန်းသိမ်းခံနေရဆဲပါပဲ
တော်လှန်ရေးအစစ်တွေ ရှိလာမှာကို မဟုတ်ဘူးဟေ့
ကဗျာဟာ စိတ်ဝိဉာဉ်ရဲ့ အတွင်းခံ ဖြစ်နေဆဲပဲ
အတွင်းခံဟာ လည်း
အမှားတွေ အမြောက်အများကို
ဖုံးကွယ်ထားပေးဆဲပါပဲ
ဘူမိဗေဒ သဘောအရဆိုရင် -
ထူးဆန်းတဲ့ အနည်ထိုင်ကျောက်တွေ၊ အမျိုးအမည်မသိ အက်ကွဲကြောင်းတွေ
မင်းနေရာမှာ ကိုယ်သာဆိုရင် အရွယ်ကြီးတဲ့
ဆောင်းတွင်းဝတ် အတွင်းခံတစ်ထည်ကို ဖယ် သိမ်းထားမှာ
အဲဒီ "ဂွတ်နိုက် " ထဲ အဝတ်ဗလာနဲ့ ဝင်မသွားနဲ့
ဒီ ကြားထဲ အချိန်အတွင်းမှာ
တည်ငြိမ် နွေးထွေး ခြောက်သွေ့စွာ နေပါ
"ဘာမှ မဟုတ်တာ" တွေ အတွက် မရင့်မကျက်နဲ့
ကိုယ့်ကိုယ်ကို စိတ်လှုပ်ရှားဆူပွက်အောင် လုပ်တာတွေက အသုံးမဝင်ဘူး
ကုတ်အင်္ကျီထဲ လက်ထည့်ထားရင်း
ဂုဏ်သိက္ခာအပြည့်နဲ့ ရှေ့ဆက်ပါ
စိတ်ခံစားမှု မပြင်းထန်ရဘူး
သေခြင်းကလည်း အုပ်စိုးနိုင်မှာ မဟုတ်ချေဘူး
အချိန်တွေအများကြီး ရှိသေးတယ် ဒါလင်
တို့တွေ က ငယ်တုန်း၊ အေးဆေးတုန်း မဟုတ်လား
မအော်လိုက်နဲ့ ။ ။

လောရင့်စ် ဖာလင်ဂက်တီ

No comments:

Post a Comment