Thursday, June 4, 2015

ဇာတ်လမ်းသဘောအရ

“ရှင် ဘယ်တွေ သွားနေတာလဲ ။ ကျွန်မဖြင့် ရှင့်ကို မျှော်နေမိတာ”
“ ကျနော့် သူငယ်ချင်းတွေနဲ့ အပြင်ထွက်နေလို့ပါ။ စောင့်နေခဲ့ရရင် အားနာပါတယ်”
“ရပါတယ်ရှင် (သူမ စကားဆက်မပြောဘဲ ခဏကြာအောင် တစ်ခုခုကို တွေးနေ)
ကျွန်မက ရှင့်အတွက် တီဗွီထဲက လူ သက်သက်ပဲ မဟုတ်လား”


တကယ်လို့သာ ဒီအရေးအသားဟာ သိပ္ပံဝတ္ထုတစ်ခုခု ဖြစ်ခဲ့ရင် ဇာတ်ကောင် (ဒါမှမဟုတ်) ဇာတ်ကောင်နဲ့ ပတ်သက်ဆက်နွယ်နေသူ တစ်ယောက်ယောက်ဟာ တီဗွီထဲက သရုပ်ဆောင်နဲ့ တီဗွီကြည့်သူ အပြန်အလှန်စကားပြောနိုင်တဲ့ တီဗွီတစ်လုံးကို တီထွင်လိုက်တယ်လို့ ရေးထားလိမ့်မယ်။ ဒါမှ မဟုတ် ဇာတ်ကောင် စူပါမားကတ်တစ်ခုခု/အရောင်းပြခန်းတစ်ခုခုက မတော်တဆဝယ်လာတဲ့ တီဗွီအမျိုးအစားသစ်မှာ အဲဒီ functionမျိုး ပါလာခဲ့တယ်လို့ ရေးလိမ့်မယ်။ ဒါမှမဟုတ် ဂမ္ဘီရ၊ စုန်း၊ကဝေ၊ မှော်ကား တစ်ခုခုထဲက ဇာတ်ဝင်ခန်းသာ ဖြစ်နေခဲ့ရင် ကျိန်စာသင့်နေတဲ့ တီဗွီတစ်လုံး၊ ဒါမှ မဟုတ် အထက်လမ်း၊အောက်လမ်း အဆင်သင့်ရာနဲ့ စီရင်ထားတဲ့ တီဗွီတစ်လုံးဖြစ်နေလိမ့်မယ်။ကျနော်တို့ ဇာတ်ကောင်ဆီကို (ညသန်းခေါင်ဖြစ်ဖြစ် အချိန်မှာ) မမျှော်လင့်ထားဘဲ ရောက်လာခဲ့တယ်လို့ ရေးထားလိမ့်မယ်။အခု ဖတ်နေရတဲ့ အရေးအသားမှာတော့ ဇာတ်ကောင်နဲ့ တီဗွီဘယ်လို စ တွေ့ဖြစ်တယ်ဆိုတာ နည်းနည်းမှ ရေးမထားဘူး။

“ရှင် ကျွန်မကို ခုလို ကြည့်ကြည့်နေတာ ဘယ်လောက်ကြာပြီလဲ”
တီဗွီဖန်သားပြင်ထဲက အမျိုးသမီးတစ်ယောက် ခုလို မေးလာတဲ့အခါ ကျနော် အံ့အားသင့်သွားတယ်။ဒါမှမဟုတ် အံ့အားသင့်သွားတဲ့ ပုံဖြစ်သွားတယ်။ ဒါမှမဟုတ် အဲဒီနှစ်မျိုးလုံးဖြစ်ရင်လည်း ဖြစ်သွားမယ်ပေါ့။
“ခင်ဗျာ … ကျနော့်ကို ပြောနေတာလား”
“ဟုတ်တယ် … အခု တီဗွီကြည့်နေတဲ့ ရှင့်ကို ပြောနေတာ”
“အင်း … ဘယ်လောက်ကြာပြီလဲတော့ အသေအချာ မပြောတတ်ဘူး။ ကျနော် ဒီဇာတ်လမ်းတွဲကို စ ကြည့်တုန်းက ခင်ဗျားနဲ့ မင်းသားနဲ့တောင် တစ်ယောက်ကို တစ်ယောက် မတွေ့ဖြစ်သေးဘူး”
“သြော်”

ဒီလိုနဲ့ သူမနဲ့ ကျနော် စပြီး ရင်းနှီးခဲ့ရတယ် ။ ဇာတ်လမ်းတွဲတစ်ခုထဲမှာ နေထိုင်ရတဲ့ ဘဝဟာ ဘယ်လောက်ပျင်းစရာ ကောင်းကြောင်း ၊ ဒါပေမယ့် အလှည့်အပြောင်းတစ်ခုခု ကြုံချင်လည်း ကြုံလာမှာဆိုတော့ တစ်ခါတစ်လေလည်း ကြို စိတ်ကူးကြည့်နေပြီး ကြံဖန် စိတ်လှုပ်ရှားနေမိတဲ့ အကြောင်းတွေ ပြောပြတယ်။ ကျနော်နေထိုင်တဲ့ အပြင်လောကဟာလည်း သူမရဲ့ ဇာတ်လမ်းတွဲ ကမ္ဘာလေးနဲ့ ဘာမှ မကွာခြားတဲ့ အကြောင်းကိုတော့ သူမ ယုံချင်မှ ယုံမှာမို့လို့ မပြောပြဖြစ်ခဲ့ဘူး။

ဒီအရေးအသားရဲ့ အခု ဖတ်နေတဲ့အပိုင်းကို အရောက်မှာ ဖြစ်နိုင်ခြေတွေ ပိုများလာခဲ့ပါတယ်။ တီဗွီကြည့်တဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲထဲက မိန်းကလေး ။ နှစ်ယောက်ထဲက တစ်ယောက်ဟာ ကျန်တဲ့ တစ်ယောက်ကို တစ်ဖက်သတ်ချစ်နေခဲ့ရင် အရေးအသားဟာ ဘယ်လို ရှေ့ဆက်သွားမလဲ။ ဒါမှမဟုတ် သူတို့အချင်းချင်း ချစ်သူတွေ ဖြစ်သွားခဲ့ရင်ရော တစ်ယောက်ကို တစ်ယောက် မြင်နေရုံကလွဲပြီး ဇာတ်လမ်းတွဲအပြင်/အတွင်း လောက တစ်ခုခုမှာ မဆုံတွေ့နိုင်တဲ့ အခြေအနေနဲ့ ဘယ်လို ရှေ့ဆက်သွားမလဲ။ ဒါမှမဟုတ် အရေးအသား (ဝတ္ထုတို/ရှည်/တခြား ဘာဖြစ်ဖြစ်)တစ်ခုခုမှာ သွေးသားမတော်စပ်တဲ့ ယောက်ျားလေးတစ်ယောက်၊မိန်းကလေးတစ်ယောက်ပါလာမယ်ဆိုရင် အချစ်ကိစ္စကို (အရိပ်အမြွက်ဖြစ်ဖြစ် ၊ပွင့်ပွင့်လင်းလင်း ဖြစ်ဖြစ် ) ထည့်ရေးမှ ရမှာလား။

ကျနော် ဇာတ်လမ်းတွဲကို နေ့တိုင်းနီးပါးကြည့်ဖြစ်ခဲ့တယ်။ သူမနဲ့ စကားတွေ ပြောလိုက်၊ သူမ ပါဝင်တဲ့ ဇာတ်လမ်းတွဲကို ကြည့်လိုက် လုပ်နေခဲ့တယ်ဆို ပိုမှန်ပါလိမ့်မယ်။ သူမဟာ ဇာတ်လမ်းတွဲရဲ့ အစပိုင်းမှာ ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာ၊ပညာတတ်၊ရုပ်ချော။ အစစ အရာရာ သာလွန်ပြည့်စုံနေတဲ့ ကြားက သူမအပေါ် အစစ အရာရာ ဂရုစိုက်တဲ့ ချစ်သူတစ်ယောက်လည်း ထပ်ရ။ ရံဖန်ရံခါ ဗီလိန်လုပ်တဲ့ လူတစ်သိုက်နဲ့ (ဇာတ်လမ်းသဘောအရ) ပြဿနာတက်တာလည်း ရှိခဲ့သပေါ့။ သူမ ချောင်းဆိုးနှာစေးတဲ့ ပြကွက်တစ်ခုတစ်လေ မတော်တဆ မြင်လာရတဲ့အခါ ဇာတ်နာတစ်ချို့ရဲ့ ကြိုတင်နိမိတ်ပြချက်တွေအတိုင်း နောင်တစ်ချိန်ချိန်မှာ ရောဂါကြီးကြီးမားမားတစ်ခုခု မပေါ်လာပါစေနဲ့လို့ ကျနော် ကြိတ် ဆုတောင်းနေမိတယ်။
တစ်နေ့ တီဗွီကို ဖွင့်ကြည့်လိုက်တော့ မိုးရွာနေတဲ့ ဇာတ်လမ်းတွဲထဲ ထီးမဆောင်းဘဲ လမ်းလျှောက်နေတဲ့ သူမကို တွေ့တယ်။ ကျနော် စိုးရိမ်တကြီး လှမ်းပြောလိုက်မိတယ်။
“ဟေး … ထီးမဆောင်းဘူးလား “
“ဒါ ဇာတ်လမ်းသဘောအရလေ “
“ဟေ … အင်းလေ ။ ဒါဖြင့်လည်း ပြီးတာပဲ ။ အိမ်ရောက်တဲ့ အခါတော့ ရေခြောက်အောင် သုတ်ပြီး နွေးနွေးထွေးထွေး နေလိုက်ဦး။ မဟုတ်ရင် ဖျားနေဦးမယ်”
“ ကျွတ်… ရှင်နဲ့တော့ ခက်တာပဲ။ ဒီမှာ …. ကျွန်မဘာသာ သေလောက်အောင် ဂရုစိုက်လည်း ဇာတ်လမ်းထဲမှာ ဖျားရမယ် ဆိုတဲ့ အခန်းပါလာရင် ဖျားကို ဖျားမှာပဲ”
ကျနော် ဘာမှ ပြန်မပြောဘဲ ခေါင်းကုတ်နေမိတယ်။ စိတ်ရှုပ်လာလို့ သူမကို နှုတ်ဆက်ပြီး တီဗွီ ပိတ်လိုက်တယ်။
ကျနော် အိပ်ပျော်သွားခဲ့မှန်းကို အိပ်ရာက နိုးလာမှပဲ သိတယ်။
နိုးလာတော့ ကျနော် ကိုယ်တွေ ပူပြီး ဖျားနေပြီ။ ဘာဖြစ်လို့ ရုတ်တရက်ကြီး နေမကောင်းထဖြစ်လဲဆိုတာ ကျနော် စဉ်းစားလို့ကို မရဘူး ။ ။

- ဏေသစ်
(ကို ဇာတိ Zar Ti Antima ရဲ့ “ရုပ်ရှင်နယ်လွန်”ကို ဖတ်ပြီး ရေးဖြစ်ခဲ့)

No comments:

Post a Comment