Thursday, June 4, 2015

မမရေ ... ကြောင်လေး တစ်ကောင် နှစ်ကောင်



11:28 pm : : ( ဖုန်းကို ပါးနှင့်ကပ်ပြီး စကားပြောနေပုံကို ပြ။ အပြုံးတစ်ခု ကို ပြ)

မမရေ ... အခု ခြံထဲက ထွက်ပြီး ဖုန်းပြောနေတာ။ အိမ်က ကြောင်သေးသေးလေးတွေတောင် ခြံထဲ ဆင်းဆော့နေကြသေး။ ဟုတ်ပ ပျော်စရာကြီး။ သစ်ပင်တွေ ပေါ်လည်း တက်လို့။ အင်း ... ကျနော် အိမ်ထဲ မဝင်ခင် ပြန်ဖမ်းမှာပါဗျ။ အေးဆေးပါ။ ကြောင်စာ ပုလင်းကို လှုပ်လိုက်ရင် ဒီကောင်တွေ ပြန်လာကြမှာ။ အယ်... မကျွေးဘဲတော့ ဘယ်နေမလဲ။ ကျွေးရမှာပေါ့။


12:30 pm: :(ဖုန်းကို ပါးနှင့်ကပ်ပြီး စကားပြောနေပုံကို ပြ)
ကြောင်သုံးကောင်မှာ နှစ်ကောင်ပဲ ပြန်လာတယ် မမ ရ။ တစ်ကောင်က ခြံထဲမှာပဲ။ ကြောင်စာပြပြီး ခေါ်တာလည်း ပြန်မလာဘူး။ သွားဖမ်းတော့လည်း ထွက်ပြေးနေတယ်။ အမယ် ... အိမ်အောက်တောင် ဝင်ပြီး ပုန်းနေတာဗျ။ ဟုတ်။ မအိပ်ခင်တော့ ခေါ်ကြည့်လိုက်ဦးမယ်။ မမ အိပ်ချင်အိပ်တော့လေ။

1:20 am: : ( ဖုန်း screen keyboard ပေါ်က လက်ချောင်းကို ပြ)

မမရေ .... အိပ်ပျော်နေပြီ ထင်တယ်။ ကြောင်ကလည်း ဘယ်လိုမှ မလာဘူး။ ကျွန်တော်လည်း အတော်တော့ အိပ်ချင်နေပြီ။ အိမ် တံခါးပိတ်ထားရတော့မယ်။ ကြောင်လေးလည်း မနက်ကျရင်တော့ ခြံထဲမှာပဲ ရှိနေလောက်မှာပါ။ Good Night မမ။ ။

တယ်လီဖုန်းဟာ ဒူးပြဲတံတောင်ဆစ်ကွဲနေတယ်။ ဘဝမှာ အမြဲ ခလုတ်တိုက်နေတယ်။ ဘာမှန်းမသိတာတွေကို အသည်းအသန် ဖြေရှင်းနေရတယ်။ သိပ်သည်းဆ ပြင်းပြင်းနဲ့ လွင့်ပျံလာတဲ့ သံချောင်းခေါက်သံဟာ အိပ်ပျက်စေမယ့် ရှေ့ရေးနောင်ရေး အတွေးအခေါ်တွေကို လွန်ဆန်ပစ်ဖို့ ကျနော့်ကို အားပေးအားမြှောက် လုပ်နေပြီမဟုတ်လား။

မမရေ... မမရေ... မမရေ.....

လူတစ်ယောက်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အခါ။ လူတစ်ယောက်ဟာ သေနေတဲ့အခါ "ငါ အိပ်ပျော်နေပါပြီ" "ငါ သေနေပါပြီ" လို့ မပြောနိုင်ဘူး မဟုတ်လား။ ကျနော့်မလည်း " မမကို ချစ်တယ် " လို့ မပြောနိုင်လောက်အောင် ... ။

မမနဲ့ ရင်းနှီးလာရတာကိုက လူကြီးတွေ ပြန်ပြောပြတဲ့ ကိုယ့်ငယ်ဘဝကို နားထောင်ရသလို နီးတလှည့် ဝေးတလှည့်။ အချိန်ကာလနဲ့ နေရာဒေသကို ခံစားချက်သက်သက်နဲ့ တည်ဆောက်ယူထားရတဲ့ လက်နှိပ်ဓာတ်မီးရောင်။ ဘယ်တော့မှ ရှိလာမှာ မဟုတ်တဲ့ နှုတ်ခမ်းချင်းသဘောတူညီချက်တွေ။ ပြီးတော့ ကျနော် အသက်ထက်ဆုံး အကာအကွယ် ပေးချင်တဲ့ အဝေးရောက် ရှုမျှော်ခင်းကလေး။

တချို့ ပုံပြင်တွေက "ဟိုး ရှေးရှေးတုန်းက " နဲ့ မ စ ကြဘူး
ဥပမာ - "ကျနော်တို့ အတူတူ ရှိကြရင် " ဆိုပြီး အစ ပြုတာမျိုးပေါ့။


" မမကို ကျနော် ချစ်တယ် " လို့ ပြောမယ်
"မမက မင်းကို မောင်အရင်းလိုပဲ သဘောထားတာ။ ခုလို ပြောလာမယ် မထင်ထားဘူး.... " လို့ ပြန်ပြောမယ်
" မမကို ကျနော် ချစ်တယ် " လို့ ပြောမယ်
"မမမှာ ချစ်သူရှိတယ်လေ။ မင်းလည်း သိနေရဲ့ သားနဲ့ ..." လို့ ပြန်ပြောမယ်
" မမကို ကျနော် ချစ်တယ် " လို့ ပြောမယ်
"မမက မြန်မာနိုင်ငံကို ပြန်လာတော့မှာမှ မဟုတ်ပဲ" လို့ ပြန်ပြောမယ်
" မမကို ကျနော် ချစ်တယ် " လို့ ပြောမယ်
.......................................................................

8:26 am : : ( ဖုန်း screen keyboard ပေါ်က လက်ချောင်းကို ပြ)
မမရေ ... ကျနော်နိုးလာတော့ မေမေ့ကို ကြောင်လေး တွေ့မိသေးလား မေးကြည့်တယ်။ ကျနော်တို့ အိမ်ရဲ့ နှစ်အိမ်ကျော် အိမ်ရှေ့မှာ လည်ပင်းကို ခွေးကိုက်ရာနဲ့ သေနေတာ။ အဲဒါကြောင့် ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ပြီး သွားပစ်လိုက်ရတယ် "တဲ့ ။ :'(
( Backspace ခလုတ်ပေါ် ဖိထားသော လက်ချောင်းကို ပြ။ စကားလုံးများ တဖြည်းဖြည်း ပျောက် သွားပုံကို ပြ ) ။ ။

                                                                                                         - ဏေသစ်

No comments:

Post a Comment