Thursday, June 4, 2015

ရန်ကုန်

(၁)

………………. Shopping Centre ။
ဝင်ပေါက်အဝတွင် လုံခြုံရေးဝတ်စုံနှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး။
ဝင်လာသူလေးငါးယောက်အနက်မှ အသက်သုံးဆယ်ခန့် အမျိုးသားတစ်ဦး။ ကျောပိုးအိတ်ဖြင့်။

“အိတ်ကလေး တစ်ချက်လောက် ဟိုဘက်ကို ပြ ပေးပါ “

လုံခြုံရေးဝန်ထမ်းအမျိုးသားမှ ပစ္စည်းတင်စစ်ဆေးရန် စားပွဲရှေ့ရှိ ဝန်ထမ်းအမျိုးသမီးဆီ မေးဆတ်ပြ။ ဝတ်ကျေတန်းကျေ လေသံမျှသာ ရှိသော သူ့စကားက တိုးနေသောကြောင့်လား မသိ။ ကျောပိုးအိတ်နှင့် အမျိုးသားက မကြား။ (သို့မဟုတ် ကြားရပုံ မပြ)။ ဆိုင်တန်းများ ဆီသို့။
တစ်ဖက်စားပွဲရှိ အမျိုးသမီးကလည်း သူတို့ကို မြင်ပုံမရ။
ဝန်ထမ်းအမျိုးသားကလည်း ထိုသူ့ကို လိုက်၍ပင် မငေး။

(၂)

မုန့်ဆိုင်က ပြန်အမ်းလိုက်တဲ့ ငါးရာတန်က သုံးမရအောင် စုတ်နေမှန်းသိတဲ့အခါမှာတော့ သူက ဆိုင်နဲ့နှစ်လမ်းလောက် အကွာကို ရောက်နေပြီ။ ပြန်အမ်းငွေကို စစ်မယူလိုက်မိတာကိုက အမှား။ စဉ်းစား ။ ဘာလုပ်ရမလဲ ဆိုတာကို စဉ်းစား။
ပိုက်ဆံကို တခြားတစ်နေရာမှာ မသိသလို ရောသုံးရရင် ကောင်းမလား။ အင်း… အဲဒီလို လုပ်ဖို့ကို သူ လိပ်ပြာမသန့်ဘူး။ ဆိုင်မှာ ပြန်လဲရရင်ရော ။ ဆိုင်ရှင်က မတော်တဆ အမ်းလိုက်မိတာဆို အားနာစရာ။ ပြီးတော့လည်း သူဝယ်လာတာနဲ့က အချိန်နည်းနည်းခြားသွားတော့ ကောင်းပါ့မလား။ သုံးမရအောင် စုတ်တဲ့ တူတူ ဖျက်ဆီးပစ်လိုက်ရင် ဘယ်လိုနေမလဲ။ ဒီလိုကျတော့လည်း ငါးရာတန်ကြီးဆိုတော့ နှမြောမိသား။
နောက်ဆုံးထွက်လာတဲ့ အကောင်းဆုံးအကြံက ဒီငါးရာတန်နဲ့ပဲ အဲဒီဆိုင်မှာ မုန့်တစ်ခုခု သွားထပ်ဝယ်ဖို့ပဲ။”မင်းပေးတဲ့ ပိုက်ဆံက အစုတ်ကြီး”လို့ ပြောလာခဲ့ရင် “ဒါ ဒီဆိုင်ကအမ်းလိုက်တဲ့ ပိုက်ဆံလေ” လို့ ခပ်မာမာ ပြန်ပြောလိုက်ရုံ။ အဲဒီလို ပြောမယ်လို့ သိပ်တော့မထင်။ အထူးသဖြင့် သူတမင်တကာ အမ်းလိုက်တဲ့ ပိုက်ဆံဆို ဘယ်လိုမှ ပြောသာမှာ မဟုတ်။
ဒီလိုနဲ့ ဆိုင်ကို ပြန်ရောက်လာတယ်။ သူ့ထက် အသက်ငါးနှစ်ခြောက်နှစ်လောက် ကြီးမယ့် (စောစောက ပိုက်ဆံပြန်အမ်းလိုက်တဲ့) ဆိုင်ရှင်ကို ပြန်တွေ့ရတယ်။ သူ့ကြည့်ရတာ စောစောကမှ မုန့်ဝယ်သွားတဲ့ တစ်ယောက် ခဏအတွင်း ပြန်ရောက်လာလို့ နည်းနည်းလေးမှ စိတ်စနိုးစနောင့် ဖြစ်ပုံမရ။ ပြန်လာမှာပဲလို့ သူ မျှော်လင့်ပြီးသားလည်း ဖြစ်နိုင်တယ်။ တခြားတစ်ဖက်က ပြန်တွေးတော့လည်း (တမင်တကာ အမ်းလိုက်တာမျိုးဖြစ်ခဲ့ရင် ) အဲဒီ ပိုက်ဆံပြန်သုံးမှာ သိနေလို့ (အပြစ်ရှိသူတစ်ယောက်အနေနဲ့) နေရထိုင်ရခက်နေတာမျိုး ဖြစ်သင့်တာ။ အခု သူက ခပ်တည်တည်။
“အစ်ကို …. ဒီ sandwich လေး ဘယ်လောက်လဲ “

“သုံးရာ ပါ “ ( လေသံက ပုံမှန်)

“ဟုတ် … တစ်ခု ယူမယ် “

လက်ထဲက ငါးရာတန်ကို ပေးရင်း ပိုက်ဆံလှမ်းယူတဲ့ ဆိုင်ရှင်ကို အကဲခတ် နေမိတယ်။မျက်နှာထား လုံးဝမပြောင်း။ ပြီးတော့ … ငါးရာတန်ကိုလည်း စစ်ဆေးပြီးမယူ။
ပြန်အမ်းတဲ့ နှစ်ရာတန်ကို ပိုက်ဆံအကြွေတွေ ထည့်တဲ့ ပလတ်စတစ်ခြင်းအပြားလေးထဲက နှိုက်ထုတ်ပြီး ပေးတယ်။ ယူလိုက်တဲ့ ငါးရာတန်ကိုတော့ ဘေးနားမှာ အသာချထားတာကို တွေ့ရ။ ငါးရာတန်မို့ အကြွေတွေနဲ့ ရောမထားချင်တဲ့ သဘောလား ။ ဒါမှမဟုတ် … ။
ဒီတစ်ခေါက်ဆိုင်က မထွက်ခင်မှာတော့ နှစ်ရာတန်က အစုတ်မဟုတ်မှန်း သေချာအောင် စစ်ကြည့်ဖြစ်ခဲ့တယ်။ ။

(၃)

ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ စကတ်အတိုကို လိုက်ကြည့်နေတဲ့
အဒေါ်ကြီးတွေရဲ့ မျက်လုံးတွေကို ကျွန်တော် ( ပြန်) လိုက်ကြည့်နေမိတယ်။ ။

(၄)

အဲဒီတုန်းက ကျွန်မ ဆယ်တန်းဖြေပြီးခါစ ပဲ ရှိသေးတယ်။
စာဖတ်နေတုန်း အပြင်က "အိုးတိုက်ဖွဲပြာ " ဆိုပြီး အော်သံကြားတယ်။ ကျွန်မ အဘွားက လှမ်းခေါ်လိုက်တော့ (ကျောင်းတက်နေမယ် ဆိုရင် ) မူလတန်း အရွယ်လောက်ပဲ ရှိဦးမယ့် ကောင်လေးတစ်ယောက် ၊ ကောင်မလေးတစ်ယောက်နဲ့ အိုးတိုက်ဖွဲပြာ ခြင်းတောင်းကြီး တစ်လုံး အိမ်ထဲ ဝင်လာတယ်။ ဖိနပ်လည်း မပါကြ။

"ဘယ်လို ရောင်းလဲ "

"နို့ဆီဗူး တစ်လုံးကို ငါးဆယ် ပါ"

သူတို့တွေ ဝတ်ထားတဲ့ ကျောင်းစိမ်းဝတ်စုံက အရောင် အတော်နွမ်းနေပြီ။ နှစ်ယောက်ထဲက အသက် ပိုငယ်ပုံရတဲ့ ကောင်လေးက လက်ထဲက ပလတ်စတစ် မော်တော်ကားကလေးနဲ့တောင် တဝူးဝူး အသံထွက်ပြီး ကစားနေသေး။
အဘွားက သတ္တုအိုး အဟောင်းတစ်လုံးနဲ့ ပြန်ရောက်လာတယ်။

"သမီးတို့မှာ ပါသမျှ အကုန်ရောင်းသွား။ တစ်ထောင်ပဲ ပေး "

အဘွားလုပ်တာ မှန်တယ် ပြောရမှာပဲ။ သူတို့ ဆီမှာ ကျန်တဲ့ အိုးတိုက်ဖွဲပြာက တစ်ထောင်ဖိုး ရှိချင်မှ ရှိတော့မှာ။ စောစောစီးစီး ရောင်းကုန်သွားတော့ ကလေးတွေလည်း ပြန်လို့ ရပြီ။ ဒါပေမယ့် ......

" အဲဒီလို ရောင်းလို့ မရဘူး ကြီးကြီးရဲ့ "

"ဘာဖြစ်လို့လဲ"

ကလေးမလေးက ဘာမှ ပြန်မဖြေ။
နည်းနည်း ကြာမှ မပွင့်တပွင့် လေသံနဲ့

"ဒီနေ့ ပိုက်ဆံနှစ်ထောင့်ငါးရာရမှ ပြန်ရမှာမို့ပါ "

တိုးတိုးပြောတာမို့ အဘွားက မကြားလိုက်ပေမယ့် ကောင်မလေးနဲ့ ဘေးချင်းကပ်ချက်မှာ စာဖတ်ရင်း အကဲခတ်နေတဲ့ ကျွန်မကတော့ ကြားဖြစ်အောင် ကြားလိုက်ရတယ်။ "ဒီလောက်ပဲ ကျန်တဲ့ အိုးတိုက်ဖွဲပြာနဲ့ နှစ်ထောင့်ငါးရာ ရပါ့မလား" ဆိုတဲ့ မေးခွန်းကို အဖြေထုတ်နေမိတယ်။ ဒါပေမယ့် ကံကောင်းတယ်ပြောရမလား ကံဆိုးတယ် ပြောရမလား ၊ "ဒီလောက်ငယ်တဲ့ ကလေးတွေ ဘာလို့ အိုးတိုက်ဖွဲပြာ ရောင်းနေရလဲ " ဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုပါ ဆက်စပ် စဉ်းစားမိသွားတယ်။

ဒါနဲ့ပဲ အဘွားလည်း အိုးတိုက်ဖွဲပြာ နှစ်ရာဖိုးပဲ ဝယ်ဖြစ်သွားတယ်။ ဒါပေမယ့် ကလေးတွေကို ပိုက်ဆံငါးရာ ပေးလိုက်ပါတယ်။ 
နောက်ပိုင်းရက်တွေမှာ အဲဒီကလေးနှစ်ယောက် "အိုးတိုက်ဖွဲပြာ " လို့ အော်ရင်း အိမ်ရှေ့က ဖြတ်သွားကြသေးလား ဆိုတာတော့ ကျွန်မ သတိမထားမိလို့ မသိတော့ပါဘူး။

အဲဒီ အဖြစ်အပျက်တွေ ပြန်တွေးတိုင်းလည်း စိတ်ကျေနပ်စရာ ဆိုလို့ သူတို့ ပြန်ခါနီး ဝေဖာ တစ်ယောက်တစ်ခုဆီ ပေးလိုက်နိုင်တာ တစ်ခုကိုပဲ စဉ်းစားမိတော့တယ်။ ။


(၅)
"ကျေးဇူးပါခင်ဗျာ "
ရဲသားကြီးလက်မှ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာကို လက်နှစ်ဖက်ဖြင့် လှမ်းယူရင်း လက်ထဲမှ အသင့်ထုတ်ပြီး ငွေတစ်ထောင်ကို လှမ်း ပေးလိုက်သည်။ ခေါင်းတစ်ချက်ညှိတ်ရင်း လှမ်းယူသည်။ 
"ဒီ အသက် ဒီ အရွယ်ကလေးနဲ့ အကျင့်ကောင်းတွေ တတ်နေတယ် ဟုတ်လား။ ပြောစမ်း ..မင်းက ဘယ်အရွယ်ထဲက စ ပြီး ခုလို လိုက်ခိုးနေတာလဲ "
ဘေးဘက် စားပွဲဝိုင်းတွင် အခြားရဲသားတစ်ဦးက အသက် ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ် ဝန်းကျင်ကောင်လေးတစ်ယောက်ကို စစ်မေးနေခြင်း ဖြစ်သည်။
ကောင်လေး၏ ခေါင်းငိုက်စိုက်ချ တိတ်ဆိတ်နေပုံကို  နောက်ပိုင်းရက်အတော်များများအထိ စိတ်စွဲမြင်ယောင်မိနေသေးသည်မှာ ဘာကြောင့်မှန်း မသိ။ ။

(၆)
ဘာရောင်းတဲ့ အသည်မှန်း မသိတဲ့ ကလေးနှစ်ယောက် ဗန်းအလွတ်တစ်ခုဆီ ချိုင်းကြားညှပ်ပြီး အပြေးပြိုင်လို့ ၊ ရယ်လို့ မောလို့၊ ပျော်ရွှင်လို့ ။ ။

(၇)

အလင်းရောင် ပါဝင်မှုအနည်းအကျဉ်းနဲ့ ဖွဲ့စည်းထားတဲ့ အခန်း။ ဖျော့တော့နေတဲ့ သီချင်းသံက နာမည်ကြီး အမျိုးသမီးအဆိုတော်ရဲ့ မကြာသေးခင်ကမှ အသစ်ထွက်ထားတဲ့ album။
ခင်ဗျားက အိတ်ကို ဖွင့်ပြီး ပိုက်ဆံတွေ ရေတွက်နေတုန်းမှာပဲ ကောင်မလေးက အဝတ်အစားတွေ ပြန်ဝတ်လို့ ပြီးသွားတယ်။ အဲဒီနောက် ခင်ဗျားပခုံးပေါ်ကို လာတင်တဲ့ မေးစေ့တစ်ခု။ ကျိုးကျနိုင်ခြေရှိတဲ့ သစ်ကိုင်းခြောက်ပေါ် ခြေစမ်းချကြည့်တဲ့ အရွယ်အစားသေးသေးငှက်တစ်ကောင်လို။ခင်ဗျားကိုယ်ကို ရစ်ပတ်လို့။ ခင်ဗျားကျောနောက်ဘက်မှာ ဆေးဆိုးထားတဲ့ လက်သည်းချွန်အချင်းချင်း ပွတ်သပ် ပေါင်းဆုံပြီး ကျော်ဖြတ်သွားကြမယ်။ပြီးခဲ့တဲ့ မိနစ်ပိုင်းအထိ ခင်ဗျားကို လုံးဝ စိတ်အနှောင့်အယှက် မပေးခဲ့တဲ့ အပေါစားရေမွှေးနံ့။ ပြီးတော့ ခင်ဗျားနားရွက်ဖျားတွေဆီ တိုးတိုးပါးပါးလေးပေမယ့် အကျယ်ကြီးကြားလိုက်ရတဲ့ တယောသံ။

“ချစ် လား “

မမျှော်လင့်ထားတဲ့ ခင်ဗျားက ရုတ်တရက် ဘာဖြေရမှန်းမသိဘူး။

“ချစ်လား … လို့”

ခင်ဗျားခေါင်းထဲမှာ တစ်စုံတစ်ရာဟာ အချိန်ကာလတွေကို မွှေနှောက်ပစ်ပြီး အားနဲ့မာန်နဲ့ လည်ပတ်စေတယ်။ သီချင်းသံရပ်သွားတော့ အပြင်ဘက်က မိုးရာသီက နေရာရွေ့လာပြန်ရော။ ခင်ဗျား တစ်သက်နဲ့ တစ်ကိုယ် “ချစ်တယ်” လို့ ပြောဖူးခဲ့တဲ့ မိန်းကလေးတွေကို ပြန်သတိရလာမယ်။ တန်ဖိုးမထားခံရခြင်းတွေ ။ ကံအလှည့်အပြောင်းနဲ့ ကတိစကားအကျိုးအကြေတွေ။ပြီးတော့ ….။ ခင်ဗျား နှုတ်ခမ်းတွေ လှုပ်လာမယ်။

“အင်း … ချစ်တယ်လေ “

“ချစ်တယ်တဲ့ … ပျော်လိုက်တာ .. ခစ်ခစ် “

ခင်ဗျားပခုံးပေါ် မေးတင်ထားတဲ့ မိန်းကလေးကတော့ ခင်ဗျားဆီက အပြုံးက ဘယ်လိုဘယ်ပုံဆိုတာ သိမှာမဟုတ်ဘူး။ ။ ။

- ဏေသစ်

1 comment: