အကြောင်း အထွေအထူးမရှိ ၊
တဖြုတ်ဖြုတ် ခွဲခွာကုန်ကြတယ် ။ကောင်မလေးက တဖွာဖွာမှာဖို့ ကောင်းနိုးရာရာ
စကားလုံးတွေ ရွေးချယ်နေတယ်ပဲထား ။ ကျွန်တော်တို့ ဇာတ်ကောင်ဟာ
နက်ခ်တိုင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်စည်းနေတုန်း။ အဲဒီတော့
မခက်ဘူးလား ။
ပန်းဆိုင်ရှေ့ကို ပြန်သွားရအောင် ။ ဒီဇင်ဘာကို ပြန်သွားရအောင် ။တစ်ယောက်လက်တစ်ယောက်တွဲပြီး ရထားလာနေတဲ့ သံလမ်းပေါ်က ပွတ်ကာသီကာ ဖြတ်ပြေးတဲ့ ပျော်စရာ ကစားနည်းဆီ ပြန်သွားရအောင် ။ ငါ နင့်ကို မုန်းတယ် ။ အသက်လောက် နီးနီး မုန်းတယ် ( နှစ်ယောက်လုံး အော်ကြီးဟစ်ကျယ် ရယ် ) ။ ကျီးကန်းတွေ ။ ကောင်းကင်တစ်ခုလုံး အပြည့် ။ ဝယ်လာတဲ့ ပန်းစည်းကြီးကို ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်တယ် ။ နှင်းဆီတွေ မီးလောင်နေတာ အတူတူ ထိုင်ကြည့်မယ် လုပ်တော့ သူမက ပြန်သွားနှင့်ပြီ ။
မီးဖိုထဲက မီးသွေးတွေ ရဲရဲနီအောင် လောင်ကျွမ်းနေတာကို စားပွဲအောက်ကနေ (ပုန်းနေရင်းက) မြင်နေရတယ် ။ အနီးအဝေး ၊ နှိုင်းရသဘောအနေနဲ့ ဆို အိမ်နောက်ဖေးကနေ အမေ ပန်းကန်တွေ ရိုက်ခွဲနေတဲ့ အသံက အိမ်ရှေ့က အဖေ ဆဲဆိုနေတဲ့ အသံထက် ပိုကျယ်သင့်တယ်မဟုတ်လား ။ ရှေ့ ဝါကျဖြင့် မလုံလောက်ပါက ဇာတ်ကောင်၏ အဖေနှင့် အမေ ရန်ဖြစ်နေသည်ဟု သိပါ ။ နှစ်ယောက်ထဲက တစ်ယောက်ယောက်ကများ သူတို့  သား ပျောက်နေမှန်း သိရင် ရန်ဖြစ်တာ ရပ်သွားမလား ။ ဟင့်အင်း ။ ငါ့ကို ဘယ်သူမှ ရှာမတွေ့ စေချင်ဘူး ။ ကြောက်တယ် ။ လာစမ်း ၊ မင်းက ဒီရောက်နေတာကိုး ။ အဖေ့လက်ဟာ ငါ့ နက်ခ်တိုင်စကို လှမ်းဆွဲဖို့  ရှေ့ကို တိုးလာတယ် ။
ဟင့်အင်း ။တဖြည်းဖြည်း နီးကပ်လာတဲ့ အဖေ့လက်ဟာ မီးရထား ခေါင်းတွဲတစ်ခု ဖြစ်သွားတယ် ။ ဒီတစ်ခါမှာ ရှောင်ဖို့  ကြိုးစားပေမယ့် မအောင်မြင်လိုက်ဘူး ။ ဒါမှ မဟုတ် မရှောင်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ စဉ်းစားမိဖို့ နည်းနည်းနောက်ကျသွားပြီ ။ ဥသြဆွဲသံ ၊ ရထားခုတ်မောင်းသံ ။ တစ်သက်နဲ့ တစ်ကိုယ် ။ ဒီလောက်ကျယ်ကျယ်လောင်လောင် ။ ရထားနဲ့ သံလမ်းကြားမှာ ခန္ဓာကိုယ်ဟာ မီးလောင်နေတဲ့ နှင်းဆီပန်းတစ်စည်း ။ လက်တွေ ၊ ခြေတွေ ၊ ပွင့်ဖတ်တွေ၊ ဝတ်မှုန်တွေ ၊ မျက်လုံးတွေ ၊ နားတွေ ၊ အရိုးတွေ ၊ ဆူးတွေ ။ လောင်ကျွမ်းနေပြီ ။ ပြာကျနေပြီ ။ တဖျစ်ဖျစ် မီးစွဲရင်း တစစ ပျောက်ပျက်ကုန်ပြီ ။ နာကျင်မှုဟာ တတ်သလောက်မှတ်သလောက်ထက် တော်တော်တရားလွန်နေပြီ ။
ဒါနဲ့ အခု မြင်ရသမျှ အမှောင်ဟာ ရထားမီးခိုးခေါင်းတိုင်ထဲက ထိုးထွက်လာတဲ့ ကျီးကန်းတွေပဲ မဟုတ်လား ။ ။

- ဏေသစ်
No comments:
Post a Comment