Thursday, June 4, 2015

'အသက်သုံးဆယ်မှာ ဘာလုပ်နေမယ်စိတ်ကူးလဲလို့ သူငယ်ချင်းတစ်ယောက်က မေးလာတဲ့ အခါ'

ကိုယ့်အသက်က နှစ်ဆယ့်နှစ်နှစ်။ ပန်ကာကို လေအပြည့်ဖွင့်ပြီး
ပန်ကာနောက်က ထိုင်ငေးကောင်းတုန်းအရွယ်လို့ ကိုယ်ပြောမလို့ပေမယ့်
ဒီ အသုံးအနှုန်းက မဆီလျော်မှန်း ချက်ချင်းဆိုသလို သတိထားမိပါတယ်။

ကိုယ် နေ့တိုင်း ကင်းဗတ်အဖြူစကို ငေးဖို့ လေးဆယ့်ငါးမိနစ်
အချိန်ယူတယ်။ လက်သီးထိုးလေ့ကျင့်နေတဲ့ အချိန်လည်း မျက်စိတွေ
မှိတ်ထားတတ်တာပဲ။ ကိုယ့်မျက်လုံးထဲမှာ မင်္ဂလာဆောင်တစ်ခုကို
မြင်တယ်။ churchကျောင်းထဲမှာ ဝတ်စုံအပြည့် ဝတ်ပြီး ကိုယ့်ကို
စောင့်နေတဲ့ သတို့သမီးလောင်းကတော့ အနောက်ဘက်ထောင့်
ခုံတန်းမှာ တစ်ယောက်တည်း ခေါင်းငုံ့နေတဲ့ ကိုယ့်ကို မမြင်ဘူး။
အဲဒီမှာလည်း ကိုယ်မျက်စိမှိတ်ထားတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်
ဝါဒဖြန့်ဖို့ လွှင့်တင်ထားတဲ အကောင်းမြင်စိတ်ဟာ လူရာဝင်ခဲ့တယ်။ ကိုယ် အဆက်မပြတ်
ငြိမ်သက်နေတုန်းပဲ။ ကိုယ့်ပါရမီလို့ ပြောရမယ့် အနုတ်လက္ခဏာတော်တော်များများနဲ့ အတူ
ကိုယ့် မိဘတွေ အသက်ကြီးလာတယ်။ အရပ်လေးမျက်နှာက စီးဆင်းလာတဲ့ မီးတောင်ချော်ရည်ပူတွေဟာ
ကိုယ်တို့ မိသားစု အိမ်အောက်မှာ စုဆုံပြီး မြို့ရဲ့ အထင်ကရ မီးနီပွိုင့်ကို ကျော်ဖြတ်စီးဆင်းသွားတာပေါ့။
ကိုယ် ဒီလို အသက်ရှင်ပါတယ်။ ပြိုင်ကားတွေကို စက္ကူနဲ့ ထုတ်ပိုးလို့ တကြွတ်ကြွတ်
မြည်နေတဲ့ အသံတွေဟာ အသစ်ပြန်လည်တည်ဆောက်ပြီးသား မြို့လေးဆီ ရောက်လာတယ်။
ကိုယ် အဲဒီတော့ ဘာဖြစ်လဲ မျက်လုံးမှိတ်လျက်ပါပဲ။ ခင်ဗျားက ငွေကို
မချစ်ဘူးလားလို့ သူငယ်ချင်းက မေးတုန်းကလည်း ပခုံးတွန့်ပြမလို့ပါပဲ။ ဒါပေမယ့်ဆိုလည်း
ဒါပေမယ့်ပေါ့။ စက္ကူစွန်တွေအကြောင်း ပြောတာနဲ့ နွေဦးလို့ သဘောထားလိုက်နိုင်ဖို့ ဆိုတာ
သာမန်ထက် ပိုရင့်ကျက်ဖို့ လိုတယ်။ ကိုယ် မျက်လုံးမှိတ်ပြီး လက်သီးတွေ ထိုးကျင့်တုန်းပဲ။
ကင်းဗတ်စ်အလွတ်ကို ငေးတုန်းပဲ။ ။

- ဏေသစ်

No comments:

Post a Comment