Thursday, June 4, 2015

သတိရခြင်းအား ပြန်လည်၍

"သတိရခြင်းအား ပြန်လည်၍"


မကြာခင် ပြန်ဆုံဦးမှာ (အ)လိုလို
သေချာနေတဲ့ စိတ်နဲ့
အတူ
လူနာတင်ကားသံကိုပါ ကြိုတင်ကြားယောင်
ထားလိုက်တယ် (ဆိုပါတော့)
မနက်ဖြန်မှာ ရွာမယ့်မိုးဟာ
ဒီနေ့ မုန်တိုင်း တစ်ခုအနေနဲ့ သတိပေးသွားရှာတယ်လို့
အနှုတ်မှတ်တွေရောက်တဲ့အထိ ကျွန်တော် အကောင်းမြင်နေမိတာ
ပြတင်းပေါက်တွေ ပုပ်သိုးကုန်တဲ့ အထိ
တနင်္ဂနွေ ယောင်ဆောင်ဆောင်နေမိတာ
ရထားဆိပ်ကားဂိတ်နားက နာရီစင်လည်း
သူ့ကိုယ်သူ သေကြောင်းကြံသွားတဲ့
လေးငါးခြောက်နှစ်(အ)ကြာ။
*ဘ၀မှာ
ရွေးချယ်စရာ လေးငါးခြောက်ခု မရှိပါဘူး
နှစ်ခုပဲ
မဖြစ်ချင်တာနဲ့ မဖြစ်နိုင်တာ
ဒီနှစ်ခုပဲ။
ရော်ရွက်ခြောက်တွေဟာ ကော်ဖီခွက်ထဲ
တက်ညီလက်ညီ ခုန်ချသွားတယ်။ တစ်ယောက်ထဲ
လမ်းလျှောက်လာရင်းမှာပဲ သတိရစိတ်(ဆိုပါတော့)
ဟာ
ဂုံးကျော်တံတားလို မြင့်။တက်။သွား။
အပေါ်က သံဆူးကြိုးတွေ ကာထားလို့
အောက်ဘက် အုတ်နံရံမှာ
ဂရပ်ဖစ်တီတွေဖြစ်လာရတာပါ ဆိုပြီး
ကိုယ့်ကိုယ်ကို ဆင်ခြေ ပေးနေမိတယ်
စာတစ်စောင်။ ရည်ရွယ်သူမှာ ဘယ်သူဘယ်ဝါ။
ဒီလိုပါ(ပဲ)
' ခဏနေရင်... ' ဆိုတဲ့ စကားကို
ခဏခဏ ပြောနေရင်းနဲ့ ... ။ ။

- ဏေသစ်

Ref: ' ခင်ဇော်မြင့် - သတိရခြင်း '
* ဘ၀မှာ
လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ
(မောင်ချောနွယ် - ပင်မှည့်တေး)

No comments:

Post a Comment