Wednesday, June 24, 2015

ပိုမိုကောင်းမွန်သော နေ့များတွင် ၄င်းအား ရှာဖွေခြင်းဖြင့် အသစ်တဖန်ပြန်လည် ဆုံးရှုံးစေရန်



တကယ့်ဘဝဟာ လူတစ်ယောက်ရဲ့ ငါးပေပတ်လည် အတွင်းမှာပဲ ရှိတယ်။
 ကျွန်တော့်ကို ကျွန်မ သတိရဖို့ ဆိုတာ အနည်းဆုံး ခြေလှမ်းခုနစ်လှမ်း
 နောက်ပြန်ဆုတ်ရမယ်။ မရှိမဖြစ်နဲ့ ခရီးသွားဟန်လွှဲကြားက အနေအထားကို
ဘယ်လိုခေါ်သလဲ ကျွန်မ မမေးသလို ကျွန်တော်လည်း မသိချင်ခဲ့ဘူး။
အဲဒီအစား တစ်ယောက်လက်မောင်းနဲ့ တစ်ယောက်ကျောပြင် တသားတည်းရှိနေတဲ့ အခါတိုင်း
တစ်ယောက်ပခုံးပေါ်တစ်ယောက် ကျော်ငေးပြီး ရှုခင်းတွေ ပြောင်းလဲသွားတဲ့ အပေါ်
တိုက်ဆိုင်မှုလို့ ကျွန်တော်ကျွန်မတို့ ဘာလို့ အတင်းအဓမ္မ တွေးယူပစ်နိုင်ခဲ့ရတာလဲ။
 ပြက္ခဒိန်မှာ ပေါက်ဓားဟာ တဆတ်ဆတ်တုန်ခါ စိုက်ဝင်လို့ ဆိုတဲ့ နိမိတ်ပုံတွေအပေါ်
 စိတ်တူကိုယ်တူ အယုံကြည်ကင်းမဲ့ ... အခု ဘယ်မလဲ။ ကျွန်တော်အမှတ်တမဲ့ ဖြတ်လျှောက်တဲ့
ကျွန်မ ဝရန်တာကိုလည်း မီးလင်းစေချင်တယ်။ ကျွန်မ မမျှော်လင့်သည့်တိုင်အောင်
ကျွန်တော် ရောက်လာစေချင်တယ်။ အချက်အလက်တွေဟာ မှတ်ဉာဏ်နဲ့
အနီးတစ်ဝိုက်အပေါ် အုံ့ဆိုင်းမှောင်မည်းပစ်တဲ့အခါ နေရာအနှံ့အပြားက
ပွဲတော်ညများမှာ ကျွန်တော်နဲ့ ကျွန်မ လူချင်းကွဲသွားပြီး တစ်ယောက်ကို တစ်ယောက်မမှတ်မိ။
ဟယ်လို ... တစ်ယောက်ယောက်လား။ ကျွန်မ မျက်ရည်ထဲ ပြုတ်ကျသွားတဲ့ ကျွန်တော့်မျက်လုံးကို
တွေ့မိသေးလား။ အဝေးကြီးက ကျွန်တော့်ခေါ်သံတွေအပေါ် ကျွန်မဘယ်လို တုံ့ပြန်မလဲ
ငေးကြည့်ချင်တယ်။ ခုဆို ကျွန်မနဲ့ ကျွန်တော်အကြားမှာ ငါးပေ တွေ ဘယ်လောက်များများ
ခြားနားနေပြီလဲ။ စိတ်ကူးနဲ့ အထူးပြုလုပ်ထားတဲ့ နှင်းတွေ တဖွဲဖွဲကျနေတယ်။
ရထားတစ်တွဲလုံးပေါ်မှာ ကျွန်တော် တစ်ယောက်ထဲလို့ တွေးမိပြီး
နောက်ကိုလှည့်ကြည့်မိတဲ့ အခါတွေမှာ ကျွန်တော့်လို ပြန်ငေးကြည့်နေမယ့်
ကျွန်မကို မြင်ချင်တယ်။ ဘယ်လိုအနေအထားလဲ။ တစ်ယောက်ကို တစ်ယောက်
မမြင်ရတော့ပဲ အသက်တွေကြီးသွားဖို့ ဆိုတာ ကျွန်တော်နဲ့ ကျွန်မ ။ ။

- ဏေသစ်

No comments:

Post a Comment